spot_img
Monday, February 16, 2026
More
    spot_img
    Homeသတင်းပါတီမှတ်ပုံတင်မချပေးသေးသည့်အပေါ် UEC ကို နိုင်ငံရေးပါတီအချို့ မေးခွန်းထုတ်

    ပါတီမှတ်ပုံတင်မချပေးသေးသည့်အပေါ် UEC ကို နိုင်ငံရေးပါတီအချို့ မေးခွန်းထုတ်

    -

    နိုင်ငံရေးပါတီမှတ်ပုံတင်ထားပြီး ယနေ့အထိ ပါတီမှတ်ပုံတင်မကျသေးသည့်အပေါ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) ကို နိုင်ငံရေးပါတီအချို့က မေးခွန်းထုတ်နေကြသည်။

    UEC က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် နည်းဥပဒေများကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက် တွင် ထုတ်ပြန်ခဲ့ပြီး ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးပါတီများအား ပါတီမှတ်ပုံတင်ရမည်ဟု ထုတ်ပြန်ခဲ့သည်။

    နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများအရ မှတ်ပုံတင်ထားခဲ့သော်လည်း လက်ရှိ ၄ လကျော်ကြာသည်အထိ မှတ်ပုံတင်ချပေးခြင်း မရှိသေးကြောင်း ပြည်သူ့ပါတီ (PP) မှ ဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောသည်။

     “အဲဒါလည်း ကျနော်တို့ကိုယ်တိုင်က သိချင်နေတာပဲ၊ ဘာကြောင့်လဲဆိုတော့ သူတို့ပြောပုံအရဆိုလို့ရှိရင် အားလုံး ၆၃ ပါတီပေါ့၊  မှတ်ပုံတင်ထားတယ်ပေါ့၊ မှတ်ပုံတင်ထားတဲ့အထဲမှာ ပြည်ထောင်စုအဆင့်ပါတီ ၇ ပါတီကို သူတို့ မှတ်ပုံတင်ခွင့်ပြုထားပြီ။ အဲဒီတော့ ကျနော်တို့ကကြတော့ တည်ဆဲတရားဝင်နိုင်ငံရေးပါတီလေ၊ ကျနော်တို့က ပါတီအသစ်တင်တာမဟုတ်ဘူး။ ကျနော်တို့သည် ပါတီတည်ထောင်လိုသူအများစုကလည်း ရခင်စစ်ဆေးထားပြီးသား အတည်ပြုထားပြီးသားသူတွေ ဖြစ်တယ်၊ တကယ်ကတော့ ၄ လကျော်ကြာပြီဆိုရင် သူက ပါတီတည်ထောင်လိုသူ အနည်းဆုံး ၁၅ ဦးဆိုတဲ့အပေါ်မှာပဲ စိစစ်ရတာ၊ အများကြီးစိစစ်ရတာ မဟုတ်ဘူးလေ၊ အဲဒါကို ကျတဲ့ပါတီတွေက ဘာကြောင့် မှတ်ပုံတင်ကျပြီးတော့ မကျသေးတဲ့ ပါတီတွေက ဘာကြောင့် မကျသေးတာလည်း ဆိုတာက ကျ‌နော်တို့ကိုယ်တိုင်လည်း သိချင်နေတဲ့ မေးခွန်း” ဟု ပြောသည်။

    လက်ရှိ UEC သို့ လာရောက်လျှောက်ထားသည့် နိုင်ငံရေးပါတီ ၆၃ ပါတီ ရှိပြီး ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ ၁၂ ပါတီနှင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီ ၅၁ ပါတီရှိကြောင်း UEC ၏ ထုတ်ပြန်ချက်အရ သိရသည်။

    တိုင်းရင်းသားနိုင်ငံရေးပါတီများတွင်လည်း အင်အားကြီးသည့်ပါတီများရှိကြောင်း၊ ထို့ကြောင့် အောက်ခြေအထိ စိစစ်နေခြင်းကြောင့် မှတ်ပုံတင်ချပေးရန် ကြန့်ကြာခြင်း ဖြစ်နိုင်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) မှ ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောသည်။

    ဦးသာထွန်းလှ “မှတ်ပုံတင် မကျသေးတာက အင်အားကြီးထွားမယ့် အင်အားရှိမယ့် ပါတီတွေကို တစ်စုံတစ်ရာ စိစစ်မှု ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတယ်လို့ အဲဒီလို သုံးသပ်မိတယ်၊ ဘာလို့လဲဆိုရင် တိုင်းရင်းသား လူမျိုးတွေမှာလည်း အင်အားကြီးတဲ့ ပါတီတွေရှိတယ်၊ အဲဒါကြောင့် အဓိက အင်အားကြီးတဲ့ အင်အားကြီးထွားမယ့် ပါတီတွေကို အသေအချာအောက်ခြေအထိ လိုက်ပြီးလေ့လာစုံစမ်းနေတဲ့ သဘောမျိုးရှိတယ်လို့ ကျနော်အဲဒီလို မြင်တယ်၊ တချို့ပါတီတွေကြရင်လည်း လွယ်လွယ်ကူကူမှတ်ပုံတင် ချပေးလိုက်တဲ့ သဘောမျိုးရှိတယ်လို့ အဲဒီလို သုံးသပ်မိတယ်” ဟု ပြောသည်။

    ထို့အတူ မှတ်ပုံတင်ပြန်လည်လျှောက်ထားသည့် မွန်ညီညွတ်ရေးပါတီ (MUP) ကိုလည်း မှတ်ပုံတင်ချပေးခြင်း မရှိသေးကြောင်း၊ MUP မှ တာဝန်ရှိသူများမှ UEC ထံ မေးမြန်းရာတွင် စိစစ်နေဆဲဟု အကြောင်းပြန်ခဲ့ကြောင်း ဆိုသည်။

    UEC မှ အသစ်ပြဋ္ဌာန်းလိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၅ အရ သတ်မှတ်ကာလအတွင်း ပါတီမှတ်ပုံတင် လျှောက်ထားခြင်းမရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကိုလည်း နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းခဲ့သည်။

    လက်ရှိတွင် ပြည်ထောင်စု တစ်ဝန်းလုံး စည်းရုံးမည့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားသည့် ပြည်သူ့ပါတီ (PP) နှင့် ပြည်နယ်အဆင့် မှတ်ပုံတင်ထားသော ရခိုအမျိုးသားအပါတီ (ANP)၊ မွန်ညီညွတ်ရေးပါတီ (MUP) တို့ကို မှတ်ပုံတင် ချပေးခြင်း မရှိသေးကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks