Thursday, March 12, 2026
More
    spot_img
    Homeသတင်းကရင်နီပြည်နှင့် ဖယ်ခုံမြို့နယ်တို့တွင် ထွက်ပြေးတိမ်းရှောင်နေရသူ ၂ သိန်းကျော်အထိရှိလာ

    ကရင်နီပြည်နှင့် ဖယ်ခုံမြို့နယ်တို့တွင် ထွက်ပြေးတိမ်းရှောင်နေရသူ ၂ သိန်းကျော်အထိရှိလာ

    -

    ကရင်နီ(ကယား)ပြည်နယ်နှင့် ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်တို့တွင် စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဇူလိုင်လကုန်အထိ စစ်ကောင်စီတပ် အကြမ်းဖက်လုပ်ရပ်ကြောင့်နှင့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ ၂၃၂၆၁၅ ဦးရှိသည်ဟု ကရင်နီ လူမှုအသင်းအဖွဲ့များကွန်ရက် (KCSN) က သြဂုတ်လ ၁၆ ရက်က ထုတ်ပြန်ထားချက်အရ သိရသည်။

    စစ်တပ်အာဏာသိမ်းကာလအတွင်း အရပ်သား သတ်ဖြတ်ခံရမှု ၄၀၀ ကျော်ရှိပြီး၊ အရပ်သားထိခိုက်ဒဏ်ရာရရှိမှု ၄၅၀ ကျော်၊ အရပ်သားဖမ်းဆီးခံရမှု ၃၅၀ ကျော်ရှိခဲ့ကြောင်းလည်း KCSN က ထုတ်ပြန်ထားသည်။

    တိုက်ပွဲနှင့် အကြမ်းဖက်လုပ်ရပ်များကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူများသည် လွိုင်ကော်မြို့နယ်မှ ၅၂၃၁၁ ဦး၊ ဒီမော့ဆိုမြို့နယ်မှ ၈၃၂၆၅ ဦး၊ ဖရှုဆိုမြို့နယ်မှ ၄၄၀၃ ဦး၊ ဖားဆောင်းမြို့နယ်မှ ၂၄၀၀၀ ဦး၊ ဖယ်ခုံမြို့နယ်မှ ၅၆၀၀၀ ဦး၊ ရှားတောမြို့နယ်မှ ၂၃၉၅ ဦး၊ မယ်စဲ့မြို့နယ်မှ ၅၀၀၀ ဦး၊ ဘောလခဲမြို့နယ်မှ ၅၂၄၁ ဦးခန့်ရှိသည်ဟု ဖော်ပြထားသည်။

    လက်ရှိတွင် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး၊ စစ်ကောင်စီတပ်များမှ မယ်စဲ့၊ ဖရူဆိုနှင့် ဒီမော့ဆိုမြို့နယ်အတွင်းသို့ လေကြောင်းဖြင့်အပြင် လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှု ပြုလုပ်နေသည်ဟုလည်း ဆိုသည်။

    ၎င်းပြင် သြဂုတ်လ ၈ ရက်နေ့တွင် စစ်ကောင်စီတပ်များသည် တိုက်ပွဲဖြစ်ပွားနေသော လွိုင်ကော်မြို့၊ နန့်ကွန်ကျေးရွာအနီးနားက ကျေးရွာများကို စစ်ကောင်စီက လေကြောင်းဖြင့် ခြောက်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့မှုကြောင့် နေအိမ်တစ်ချို့ ထိခိုက်ပျက်စီး မှုများရှိခဲ့သည်။

    သြဂုတ်လ ၁၂ ရက်နေ့ကလည်း ဖရူဆိုမြို့နယ်၊ ထီးသော်ကူးကျေးရွာအနီးတွင် ကရင်နီပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့အကြား ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့သည့်အတွက် ထီးသော်ကူးကျေးရွာရှိ ဘုရားကျောင်း၊ မူကြိုကျောင်းအပြင် နေအိမ်အချို့ ထိမှန်ပျက်စီးခဲ့ကြောင်း KCSN က ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks