spot_img
Tuesday, February 17, 2026
More
    spot_img
    Homeသတင်းမွန်စျေးကွက်တွင် ပါကင်ဆိုင်ကယ်တစ်စီး ကျပ်သိန်း ၂၀ ခန့် စျေးတက်လာ

    မွန်စျေးကွက်တွင် ပါကင်ဆိုင်ကယ်တစ်စီး ကျပ်သိန်း ၂၀ ခန့် စျေးတက်လာ

    -

    မွန်ပြည်နယ် စျေးကွက်အတွင်း လိုင်စင်ပါ ပါကင်ဆိုင်ကယ်တစ်စီးလျှင် ကျပ်သိန်း ၂၀ ခန့်အထိ  ဈေးနှုန်းမြင့်တက်လာကြောင်း ဆိုင်ကယ်ရောင်းဝယ်သူတို့ထံမှ သိရသည်။

    ကျပ်နှစ်သောင်းတန်ငွေစက္ကူဂယက်နှင့် ထိုင်းဘတ်ငွေစျေးမြင့်တက်လာခြင်းကြောင့် ဆိုင်ကယ်စျေးမြင့်တက်လာကာ တစ်လအတွင်း လိုင်စင်ပါ ပါကင်ဆိုင်ကယ်တစ်စီးလျှင် ကျပ်သိန်း ၂၀ ခန့် စျေးတက်လာကြောင်း ဆိုသည်။

    ပြီးခဲ့သည့်တစ်လအတွင်းက ကျပ် ၇၅ သိန်းတန် ဆိုင်ကယ်သည် ယခု စျေးကွက်အတွင်း ကျပ် ၉၅ သိန်းအထိ ပေါက်စျေးရှိနေပြီး၊ ကျပ် ၈၅ သိန်းတန်ရှိ ဆိုင်ကယ်သည် ယခု စျေးကွက်တွင် ကျပ်သိန်း ၁၀၀ ကျော် ပေါက်စျေးရှိနေသည်ဟု ဆိုင်ကယ်ရောင်းဝယ်သူ မင်းသိန်းထွန်းဦးက ပြောသည်။

    “စျေးကတော့ အများကြီးကွာသွားတယ်။ ပါကင်ဘီးကို လိုင်စင်နဲ့ အရင်က ၇၅ နဲ့ ရောင်းသွားတာကို ငွေစျေးလှုပ်သွားတဲ့ ဒီတစ်လအတွင်းမှာ အဲဒီ ၇၅ နဲ့ ရောင်းခဲ့တဲ့ဘီးက ၉၅/၉၈ လောက်ဖြစ်သွားတော့ ဆိုင်ကယ်တစ်စီးမှာ ကျပ်သိန်း ၂၀ လောက်ကွာသွားတယ်။ တက်သွားတယ်။ ဆိုင်ကယ်တိုင်းကတော့ စျေးမတက်ဘူး။ ပါကင်ဘီး “ယ” လိုင်စင် “မွန်” လိုင်စင်တွေ စျေးတက်တယ်။ ၇၅ သိန်းတန်က ၉၅ သိန်းလောက် တက်သွားတယ်။ ၈၅ သိန်းတန်က ၁၀၀ ကျော် တက်သွားတယ်။ ၁၀၀ ကျော် ဆိုင်ကယ်က click (abs)၊ click (abs) လိုင်စင်နဲ့က ၁၀၀ ကျော်တယ် အခု” ဟု ၎င်းက ပြောသည်။

    ငွေစျေးမတည်ငြိမ်မှုနှင့် ဆိုင်ကယ်စျေးတက်လာသည့်နောက်ပိုင်း ဆိုင်ကယ်အရောင်းအဝယ် ထက်ဝက်ခန့် ကျဆင်းလာသည်ဟုလည်း မင်းသိန်းထွန်းဦးက ဆက်ပြောသည်။

    ၎င်းပြင် ငွေဈေးနှုန်းမတည်ငြိမ်သည့်အခြေအနေကြောင့် အရစ်ကျ ရောင်းဝယ်ရေးတွင်လည်း အရှုံးနှင့် ရင်ဆိုင်နေရကြောင်း ဆိုသည်။

    လက်ရှိတွင် တစ်ပတ်ရစ်ဆိုင်ကယ်များ ရောင်းအားကောင်းနေပြီး ဈေးကွက်အတွင်း ပစ္စည်းပြတ်လတ်သည်အထိ ဖြစ်နေသည်ဟု မော်လမြိုင်မြို့မှ တစ်ပတ်ရစ်ဆိုင်ကယ် သီးသန့် ရောင်းဝယ်သူတစ်ဦးက ပြောသည်။

    “အပေါ်ဘီးတွေ (သိန်း ၃၀ကျော်အထက်ဘီး) တွေ ဝယ်ပြီးပြန်ရောင်ရင် နောက်တစ်ပတ်လောက်နေရင် ရောင်းလိုက်တဲ့ဈေးရဲ့ အပေါ်မှာပြေးဝယ်နေရတဲ့အနေထားမှာရှိနေတယ်။ လိုက်ဝယ်တဲ့အခါကျတော့လည်း အမြတ်ဘယ်လောက်ပေးပေး တစ်ဖက်က မရောင်းချင်ကြတော့ အဝယ်ဘက်ရပ်သလိုဖြစ်နေတယ်။ ကျန်တဲ့ဘီးတွေလောက်ပဲ ရောင်းသွားတာပေါ့” ဟု ၎င်းက ဆိုသည်။

    လက်ရှိတွင် မွန်ပြည်နယ်စျေးကွက်အတွင်း အရောင်းဝယ်အများဆုံးဖြစ်နေသည့် လိုင်စင်မပါ နောက်ဆုံးပေါ် ကလစ်ဆိုင်ကယ်တစ်စီးလျှင် ၆၅ သိန်း၊ လိုင်စင်မပါ wave 125 (အိုင်ကြီးနောက်ဆုံးပေါ်) တစ်စီးလျှင် သိန်း ၆၀ နှင့် လိုင်စင်မပါ NCX Wave 100 တစ်စီးလျှင် ကျပ် ၃၃ သိန်းဝန်းကျင်အထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။

    မွန်ပြည်နယ်စျေးကွက်တွင် ထိုင်းနိုင်ငံထုတ်ဆိုင်ကယ်များကိုသာ အဓိကရောင်းဝယ်နေကြပြီး ဆိုင်ကယ်များကို ထိုင်းမြန်မာနယ်စပ် မြဝတီလမ်းကြောင်းမှတဆင့် တင်သွင်းနေသည်ဟု ဆိုင်ကယ်ရောင်းဝယ်သူတို့ထံမှ သိရသည်။

    လက်ရှိတွင် ရေတိုက်စားပြီး မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီး လမ်းပိုင်းအချို့ ပြတ်နေသည့်အတွက် ဆိုင်ကယ်အသစ် တင်သွင်းမှုရပ်ဆိုင်းနေရကြောင်း ရောင်းဝယ်သူတို့က သည်။

    မြန်မာ့နိုင်ငံရေး အကြပ်အတည်းကြားမှ ငွေစက္ကူအသစ်ထုတ်ဝေမည့် ကြေညာချက်ကြောင့် ပြည်တွင်း ဒေါ်လာ၊ ရွှေနှင့် ဘတ်ဈေးကွက်မှာလည်း ဈေးနှုန်းကမောက်ကမဖြစ်ပြီး ဘတ်ဈေးနှင့်လိုက်ကာ ဆို င်ကယ်ဈေး မြင့်တက်လျှက်ရှိကြောင်းသိရသည်။

    လက်ရှိတွင် နိုင်ငံပိုင်ဘဏ်နှစ်ခုကို အမေရိကန်က အရေးယူပိတ်ဆို့လိုက်ခြင်း၊ စင်ကာပူနိုင်ငံ၏ အဓိကဘဏ်ကြီးတခုဖြစ်သည့် United Overseas Bank (UOB) က မြန်မာ့ဘဏ်များနှင့် အဆက်အသွယ် ဖြတ်တောက်လိုက်ခြင်းနှင့် ကျပ်နှစ်သောင်းတန်ငွေစက္ကူထုတ်ဝေလိုက်သည့်နောက်ဆက်တွဲကြောင့် မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းလာကာ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၃၆၀၀ ကျပ်၊  ထိုင်းငွေတစ်ဘတ်လျှင် မြန်မာငွေ ကျပ် ၁၀၀ ရှိအထိ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းလာခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks