Homeသတင်းမွန်ပြည်နယ်က ရေဘေးသင့်ပြည်သူများ အကူအညီလိုအပ်နေ

မွန်ပြည်နယ်က ရေဘေးသင့်ပြည်သူများ အကူအညီလိုအပ်နေ

-

မွန်ပြည်နယ်အတွင်းက ရေဘေးသင့်ပြည်သူများ သောက်သုံးရေ၊ အစားအသောက်နှင့် ကျန်းမာရေးဆိုင်ရာ အကူအညီများ လိုအပ်နေသည်ဟု ဒေသခံနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် သြဂုတ်လဆန်းပိုင်းကစပြီး မွန်ပြည်နယ် ဘီးလင်း၊ ကျိုက်ထို၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများ ရေကြီးရေလျှံမှုဖြစ်ကာ သောင်းနှင့်ချီသည့် ဒေသခံများ ယာယီကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့ထားရသည်။

တစ်မြို့နယ်လုံးနီးပါး ရေကြီးနစ်မြုပ်ခဲ့သည့် ဘီးလင်းမြို့နယ်အတွင်းမှာတော့ လူဦးရေ ၁၀၀၀၀ နီးပါးကို ဖွင့်လှစ်ထားသည့် ယာယီကယ်ဆယ်ရေးစခန်း ၂၇ ခုတို့တွင် ပြောင်းရွှေ့နေရသည်။

ရေဘေးသင့်ပြည်သူများကို အလှူရှင်နှင့် စစ်ကောင်စီဘက်က ကူညီထောက်ပံ့ပေးမှုများရှိသော်လည်း  လူဦးရေများနေသည့်အတွက် လုံလောက်မှုမရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။

“လူပြန်ကယ်ကနေ ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲ ပိုက်ဆံ စသဖြင့် လာထောက်ပံ့ပေးတာရှိပေမယ့် လူဦးရေများတော့ လုံလောက်မှုမရှိဘူး။ အဓိက သောက်ရေ အစားအသောက်တွေ လိုအပ်တယ်။ လူဦးရေကလည်း များနေတယ်” ဟု အကူအညီပေးနေသူတစ်ဦးက ပြောသည်။

ယနေ့ သြဂုတ်လ ၁၁ ရက်နေ့မှာတော့ ဘီးလင်းမြို့နယ်အတွင်း ရေပြန်ကျနေပြီးသော်လည်း ရေးဘေးသင့်ပြည်သူများ နေအိမ်မပြန်နိုင်သေးကြောင်းလည်း ဆိုသည်။

အလားတူ ကျိုက်ထိုမြို့နယ်နှင့် ကျိုက်မရောမြို့နယ်အတွင်းက ရေကြီးရေလျှံမှုဖြစ်ပွားနေသည့် ရပ်ကွက်ကျေးရွာက ပြည်သူများ ကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့ထားရပြီး သောက်သုံးရေးနှင့် အစားအသောက်အကူအညီလိုအပ်နေသည်ဟု သိရသည်။

မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ကျိုက်မရော၊ ပေါင်မြို့နယ်တို့တွင် ရေကြီးရေလျှံမှု နှစ်ကြိမ်ဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts