Homeသတင်းကုန်ဈေးနှုန်းကြောင့် ပြည်သူတွေ ပိုမိုခက်ခဲလာ

ကုန်ဈေးနှုန်းကြောင့် ပြည်သူတွေ ပိုမိုခက်ခဲလာ

-

ကုန်စျေးနှုန်းဆက်တိုက်မြင့်တက်လာနေသည့်အတွက်ကြောင့် မွန်ပြည်နယ်အတွင်းက ပြည်သူများ စားဝတ်နေရေး ပိုမိုခက်ခဲလာကြသည်ဟု ဆိုသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ကုန်စျေးနှုန်းဆက်တိုက်မြင့်တက်လာခဲ့ပြီး ပြီးခဲ့သည့် ဇူလိုင်လက စစ်ကောင်စီ ဗဟိုဘဏ်မှ ကျပ်နှစ်သောင်းတန်ငွေစက္ကူ ရိုက်ထုတ်မည်ဆိုသည့်သတင်းကြောင့် ကုန်စျေးနှုန်း ထပ်မံမြင့်တက်လာခဲ့သည်။

ကုန်ဈေးနှုန်းမြင့်တက်လာခြင်းကြောင့် အသုံးစရိတ်တွေက သုံးဆလောက်အထိ ကုန်ကျနေသည်ဟု အိမ်ရှင်မတစ်ဦးက ပြောသည်။

“အရင်က ၅၀၀၀ ဆို ဘုရားပန်းကအစ တစ်အိမ်လုံးစာပဲ အခုက အနည်းဆုံး ၁၅၀၀၀, ၁၂၀၀၀ မှ လောက်တာ ဈေးတွေတက်လာလေ ကျမတို့အိမ် စားစရိတ်လိုက်တက်လာလေပဲပေါ့ ဈေးတက်နေတာက တစ်ခုတည်းမဟုတ်တော့ ကျမတို့အနေနဲ့ ပိုပြီးခက်ခဲလာတာပဲရှိတယ်” ဟု ဆိုသည်။

လက်ရှိတွင် အခြေခံစားသောက်ကုန်များဖြစ်သည် ဆန်ဆိုလျှင် အမျိုးအစားပေါ်မူတည်ပြီး ပေါ်ဆန်းမွှေးဆန်တစ်အိတ်လျှင် ကျပ် ၁၁၀၀၀၀ အထက်ရှိနေပြီး ဆန်ကြမ်းအုပ်စုဝင်ဆန်တွေကတော့ တစ်အိတ်လျှင် ကျပ် ၅၀၀၀၀ အထက်ရှိနေသည်ဟု စျေးကွက်အတွင်းမှ သိရသည်။

အလားတူ ဆီလည်း စျေးတက်လာကြောင်း စျေးကွက်အတွင်း စားအုန်းဆီ တစ်ပိဿာ ၁၃၀၀၀ ကျပ်ကျော်အထိ ဈေးရှိနေကြောင်း သိရသည်။

ကုန်ဈေးနှုန်းများ မြင့်တက်လာသော်လည်း ဝင်ငွေတိုးလာခြင်းမရှိသည့်အတွက် ဝင်ငွေနှင့် ထွက်ငွေမမျှကာ အသုံးစရိတ်အတွက် အခက်အခဲဖြစ်လာသည်ဟု ရေးမြို့က အိမ်ရှင်မတစ်ဦးက ဆိုသည်။

“ကုန်ဈေးနှုန်းတက်လာတော့ လူတိုင်းလိုလိုခက်ခဲလာကြတာပဲ ကိုယ်မှမဟုတ်ဘူး။ ဘာလို့ဆို ဝင်ငွေနဲ့ ထွက်ငွေမမျှတော့ဘူး။ ဥပမာ တစ်နေ့ ၅၀၀၀ ဝင်တဲ့သူကလည်း ၁၀၀၀၀ ပြန်ထွက်နေတော့ ရေရှည်ဆို အဆင်မပြေဘူးလေ။ အကြွေးတွေများလာပြီး ဆင်းရဲသထက် ဆင်းရဲလာတယ်” ဟု သူမက ပြောသည်။

ရေးမြို့က ကွမ်းသီးခြံပိုင်ရှင်တစ်ဉီးကလည်း “ကွမ်းသီးဈေးတွေလည်း ဈေးမရှိတော့။ ကွမ်းသီး တစ်ပိဿာဈေးက ဆီတစ်ဘူးတောင် မရတော့ဘူး အခု။ ကိုယ့်ဆီထွက်တဲ့အရာတွေကို ဈေးနည်းနည်းနဲ့ ရောင်းနေရပြီး အခြား အခြေခံစားသောက်ကုန်ကအစပေါ့ ဈေးကြီးပေး ပြန်ဝယ်နေရတယ်” ဟု ပြောသည်။

ကျပ်နှစ်သောင်းတန်ဂယက်ကြောင့် စျေးကွက်အတွင်း အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆားများအပြင် အခြားစားသောက်ကုန်ပစ္စည်းများ အသုံးအဆောင်ပစ္စည်းများလည်း စျေးတက်လာသည်ဟု စားသုံးသူတို့ထံမှ သိရသည်။

စစ်ကောင်စီဘက်ကတော့ ကုန်စျေးနှုန်းထိန်းချုပ်နိုင်ရေးအတွက် ကုန်စျေးနှုန်းတည်ငြိမ်ရေးကော်မတီတစ်ရပ်ကို ဇူလိုင်လနောက်ဆုံးအပတ်က ဖွဲ့စည်းခဲ့ပြီး ကုန်စျေးနှုန်းကျဆင်းရေး ဆောင်ရွက်နေသော်လည်း ကုန်စျေးနှုန်းကျဆင်းသွားခြင်းမရှိပေး။

၎င်းပြင် စစ်ကောင်စီက ကုန်စျေးနှုန်း မတက်ရန် ကုန်သည်တွေကို ခေါ်တွေ့တာ ကုန်စျေးနှုန်းတက်ပါက ဥပဒေအရ အရေးယူမည်ဆိုပြီး ခြိမ်းခြောက် ဖိအားပေးနေတာရှိသလို ရပ်ကွက်အတွင်း ကုန်စျေးနှုန်းမတက်ရန် လော်စပီကာဖြင့် လိုက်လံသတိပေးနေသည်လည်း ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts