မွန်ပြည်နယ်အတွင်း ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လကုန်အထိ သွေးလွန်တုပ်ကွေးရောဂါကူးစက်ဖြစ်ပွားသူ ၁၁၅၇ ဦးရှိပြီး သေဆုံးသူ ၃ ဦးရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနထံမှ သိရသည်။
သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု အများဆုံးသည် မော်လမြိုင်မြို့နယ်ဖြစ်ပြီး ရောဂါဖြစ်ပွားသူ ၂၃၉ ဦးရှိပြီး၊ ဒုတိယအများဆုံးသည် ပေါင်မြို့နယ်ဖြစ်ပြီး ရောဂါဖြစ်ပွားသူပေါင်း ၁၈၈ ဦးရှိကြောင်း တတိယအဖြစ်အများဆုံးသည် ကျိုက်မရောမြို့နယ်ဖြစ်ပြီး ရောဂါဖြစ်ပွားသူ ၁၃၇ ဦးရှိသည်။
သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ၃ ဦးတွင် ပေါင်မြို့နယ်မှ ကလေးငယ်တစ်ဦး၊ သံဖြူဇရပ်မြို့နယ်မှ ကလေးတစ်ဦးနှင့် ကျိုက်ထိုမြို့နယ်မှ ကလေးတစ်ဦး သေဆုံးခဲ့ကြောင်းလည်း ဆိုသည်။
ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက “လက်ရှိ ရာသီဥတုအခြေအနေက မိုးရွာလိုက် နေပြန်ပူလိုက်ဖြစ်နေတော့ မိမိရဲ့နေအိမ်နဲ့ ပတ်ဝန်းကျင်မှာ ဖုံး၊ သွန်၊ လဲ၊ စစ် စနစ်နဲ့ ဆောင်ရွက်ထားကြဖို့လိုအပ်သလို၊ အဓိကက ကလေးတွေကို ခြင်ကိုက်မခံရအောင် သတိပြုကြဖို့ တိုက်တွန်းလိုပါတယ်။ ကလေးတွေ ဖျားနာကြမယ်ဆိုရင်လည်း နီးစပ်ရာဆေးရုံ၊ ဆေးခန်းကို အချိန်မီပို့ဆောင်ပေးပြီး ဆေးကုသမှုခံယူကြဖို့အတွက်ကိုလည်း တိုက်တွန်းလိုပါတယ်” ဟု ပြောသည်။
ယခုနှစ်တွင် သွေးလွန်တုပ်ကွေးရောဂါကူးစက်ဖြစ်ပွားမှုများလာနိုင်သည့်အတွက် အထူးသတိပြုရန် လိုအပ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတို့က ပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က မွန်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါကူးစက်ဖြစ်ပွားသူပေါင်း ၂၀၀၀ ကျော်ရှိခဲ့ပြီး၊ သေဆုံးသူ ၁ ဦး ရှိခဲ့သည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာရှိစာရင်းများအရ သိရသည်။
သွေးလွန်တုပ်ကွေးနှင့် ပတ်သက်ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ပြည်သူလူထု ခြေပြုသည့်စနစ်၊ ကျောင်းအခြေပြုသည့်စနစ်၊ ရောဂါဖြစ်ပွားသည့် ကလေးလူနာတစ်ယောက်တွေ့ပါက စောင့်ရှောက်ရမည့်စနစ် စသည့် စနစ် ၃ မျိုးဖြင့် ဆောင်ရွက်နေပါကြောင်း ဆိုသည်။
၎င်းပြင် ရောဂါခံစားနေရသည့် ကလေးများ အသက်အန္တရာယ်စိုးရိမ်ရသည့် လက္ခဏာရှိလာပါက စောစီးစွာ လွှဲပြောင်းနိုင်ရေးအတွက်ကိုလည်း မြို့နယ်တိုင်းရှိ ကျန်းမာရေးဝန်ထမ်းများနှင့် Volunteer အားလုံးကို စည်းရုံးပြီး လုပ်ဆောင်နေကြောင်းလည်း ပြောသည်။
မိုးတွင်းကာလတွင် အဖြစ်များသည့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်တားဆီးရန်အတွက် ပြည်သူ့ကျန်းမာရေးဌာနမှ ပညာပေးလုပ်ငန်းများ၊ ခြင်နှိမ်နင်းကာကွယ်ရေးလုပ်ငန်းများနှင့် ပိုးလောက်လံသတ်ဆေးခပ်ခြင်းလုပ်ငန်းများကို သက်ဆိုင်ရာ မြို့နယ်ရှိ ရပ်ကွက် ကျေးရွာများတွင် ဆောင်ရွက်လျက်ရှိသည်။
ပြည်သူအနေနှင့်လည်း သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေးအတွက် မိမိတို့နေအိမ်ပတ်ဝန်းကျင်တွင် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ပုံမှန် လုပ်ဆောင်ရန်လည်း လိုအပ်သည်ဟု ပြည်သူ့ကျန်းမာရေးတာဝန်ရှိသူတို့က တိုက်တွန်းနှိုးဆော်ထားသည်။
