spot_img
Thursday, January 8, 2026
More
    spot_img
    Homeသတင်းတိုက်ပွဲကြောင့် အလယ်စခန်းဒေသခံများ ခြံလုပ်ကိုင်ရန် အခက်အခဲကြုံ

    တိုက်ပွဲကြောင့် အလယ်စခန်းဒေသခံများ ခြံလုပ်ကိုင်ရန် အခက်အခဲကြုံ

    -

    တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ် လော့သိုင်းကျေးရွာအုပ်စု အလယ်စခန်းကျေးရွာအနီး ကြောင်လျှာကွင်းတွင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့် ဒေသခံများ ခြံလုပ်ငန်း လုပ်ကိုင်ရန် အခက်အခဲကြုံတွေ့နေကြရသည်ဟု ဒေသခံတို့က ပြောသည်။

    အလယ်စခန်းကျေးရွာအနီးတဝိုက် စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တို့အကြား ဇူလိုင်လ ၁၈ ရက်နေ့ကစပြီး တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြသည်။

    လက်ရှိအချိန်အထိ အလယ်စခန်းကျေးရွာအနီးတဝိုက်တွင် စစ်ကောင်စီတပ်တို့က စခန်းချတပ်စွဲထားပြီး နှစ်ဖက်စစ်ရေးတင်းမားနေသည့်အနေအထားကြောင့် ဒေသခံများ ခြံမသွားရဲကြသည့်အခြေအနေရှိနေသည်။

    ခြံမသွားရဲကြသည့်အတွက် ခြံထွက်သီးနှံများ ခူးရန်၊ ခြံလုပ်ငန်းလုပ်ကိုင်ရန် အခက်အခဲကြုံတွေ့နေရပြီး စားဝတ်နေရေးအတွက်ပါ စိန်ခေါ်မှုဖြစ်လာစေသည်ဟု ဒေသခံခြံပိုင်ရှင်တစ်ဦးက ပြောသည်။

    “ဒီနယ်မြေမှာ အသက်မွေးဝမ်းကျောင်းအတွက်က ခြံပဲရှိတယ်။ ခြံသမားတွေကြီးပဲ ခြံကိုပဲ အဓိကထား လုပ်ကိုင်ကြတယ်။ ခြံမသွားရရင် သစ်သီးတွေ သွားမခူးရရင် စားဝတ်နေရေးအတွက် အခက်အခဲရှိသွားတယ်။ ဒီသစ်သီးတွေ သွားခူးရမှ စားဝတ်နေရေးက အဆင်ပြေတာပေါ့။ အခုသွားလို့ မရဲဘူးဆိုတော့ အခက်ခဲဖြစ်တယ်” ဟု ဆိုသည်။

    ဥယျာဥ်ခြံလုပ်ငန်းကို အဓိကစီးပွားရေးတစ်ခုအဖြစ် လုပ်ကိုင်နေကြသည့် ဒေသခံတို့က တိုက်ပွဲကြောင့် အခက်အခဲကြုံတွေ့နေရသည့်ကြား တဘက်ကလည်း မြင့်တက်လာသည့် ကုန်စျေးနှုန်းကြောင့် မိသားစု စားဝတ်နေရေး ပိုပြီး ခက်ခဲစေသည်ဟုလည်း ဒေသခံတို့က ပြောသည်။

    ယင်းအခြေအနေကြောင့် ပိုင်ဆိုင်မှုများကို ထုခွဲရောင်းချပြီး မိသားစုစားဝတ်နေရေးကို ဖြေရှင်းနေရသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

    “အဒေါ်တို့ ခြံနဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုနေတာ အခုဆို ခြံလည်းသွားလို့မရ။ မိသားစုစာဝတ်နေရေးကလည်း ရှိသေးတယ်ဆိုတော့ သူများဆီက ချေးငှား။ ရှိတာလေးတွေကို ရတဲ့စျေးနဲ့ ရောင်းချရတယ်။ ဆန်ကလည်း စျေးကြီး။ စားဖို့သောက်ဖို့က ခြံကနေပဲရတာ ခြံသွားလို့မရဘူးဆိုတော့ ရှိတာလေးနဲ့ပဲစားသောက်ရတယ်” ဟု ပြောသည်။

    ပုံမှန်ဆိုလျှင် ဥယျာဉ်ခြံတစ်ခြံကို ခြံအရွယ်အစားပေါ်မူတည်ပြီး တစ်နှစ်လျှင် ဝင်ငွေအနည်းဆုံး သိန်းသုံးဆယ်မှ အ အများဆုံး သိန်းရာကျော်အထိ ရရှိနေကြကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ရေဖြူမြို့နယ်၊ အလယ်စခန်းကျေးရွာအနီး ကြောင်လျှာကွင်းတွင် မြေမြုပ်မိုင်းနင်းမိသည့်ဖြစ်စဥ်များ ရှိခဲ့သည့်အတွက် လက်ရှိတွင် တိုက်ပွဲအပြင်၊ မြေမြုပ်မိုင်းအန္တရာယ်ကိုလည်း ဒေသခံတို့က စိုးရိမ်းနေကြသည်။

    ပြီးခဲ့သည့် မေလကုန်ကလည်း ရေဖြူမြို့နယ်၊ အလယ်စခန်းရွာနှင့် လော့သိုင်းရွာ အရှေ့ဘက်ခြမ်းရှိ သာယာဝတီကျေးရွာအနီးတွင် စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

    ရေဖြူမြို့နယ်၊ အလယ်စခန်းဒေသသည် မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင် ထိန်းချုပ်နယ်မြေဒေသဖြစ်ပြီး စစ်ကောင်စီတပ်များ၊ ကရင်လက်နက်ကိုင်တပ်ဖွဲ့များ လှုပ်ရှားသွားလာနေသည့်အပြင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့လည်း လှုပ်ရှားသွားနေသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,400SubscribersSubscribe
    spot_img

    Latest posts