Homeသတင်းရေဖြူမြို့နယ် အလယ်စခန်းရွာအနီးတွင် ပစ်ခတ်မှု နေ့စဉ်ဖြစ်ပွားနေ

ရေဖြူမြို့နယ် အလယ်စခန်းရွာအနီးတွင် ပစ်ခတ်မှု နေ့စဉ်ဖြစ်ပွားနေ

-

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ အလယ်စခန်းကျေးရွာအနီးတွင် ဇူလိုင်လ ၁၈ ရက်နေ့ကစပြီး ပစ်ခတ်မှု နေ့စဥ် ဖြစ်ပွားနေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

အလယ်စခန်းကျေးရွာအနီးတဝိုက် စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တို့အကြား ဇူလိုင်လ ၁၈ ရက်နေ့က ပစ်ခတ်မှု စတင်ဖြစ်ပွားခဲ့သည်။

“တိုက်ပွဲဖြစ်ပြီးကတည်းက နေ့တိုင်း ပစ်ခတ်နေတာ။ တစ်ရက်မှာ ၃/၄ ခါလောက် ပစ်လိုက် ရပ်လိုက်နဲ့ လက်နက်ကြီးရော လက်နက်ငယ်ရော ဗုံးသံတွေရော ကြားနေရတာ။ နှစ်ဖက်ပစ်ခတ်တဲ့အသံရော တစ်ဖက်တည်းပစ်နေတဲ့အသံရော ၄/၅ ရက်လောက်ရှိပြီး ဆက်တိုက်ကြားနေရတယ်” ဟု ဒေသခံတစ်ဉီးက ပြောသည်။

အင်အား ၂၀၀ နီးပါးရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့သည် ဇူလိုင်လ ၁၇ ရက်နေ့ ညနေပိုင်းခန့်က အလယ်စခန်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး ယနေ့အထိ ကျေးရွာအနီးတဝိုက်တွင် တပ်စွဲထားဆဲဖြစ်သည်ဟု ဒေသခံတို့က ပြောသည်။

ထိုတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့တိုက အုပ်ချုပ်ရေးမှူးမှတဆင့် ကျေးရွာသားများကို စားနပ်ရိက္ခာ လာပို့ခိုင်းသည်လည်းရှိနေကြောင်း သိရသည်။

“အုပ်ချုပ်ရေးမှူးကနေ သူတို့ဆီကို စားနပ်ရိက္ခာတွေ ပို့ခိုင်းတယ်။ အုပ်ချုပ်ရေးမှူးက ဘယ်သူမှ မသွားရဲဘူးပြောတော့။ လာမပို့ရင် သူတို့ဘာသာ သူတို့ ကြိုက်တဲ့လူကို ခေါ်ပြီး ပို့ခိုင်းမယ် အဲလို ခြိမ်းခြောက်ပြီး ပြောတယ်” ဟု အခြားဒေသခံတစ်ဉီးက ပြောသည်။

နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားနေသည့်ဒေသတဝိုက်ရှိ ကျေးရွာတွေကို KNLA ပူးပေါင်းတပ်ဖွဲ့တို့က ခြံမသွားကြရန် သတိပေးထားသည့်အတွက် ဒေသခံတို့က ယနေ့အထိ ခြံမသွားရဲကြဘူးလို့လည်း သိရသည်။

အလယ်စန်းကျေးရွာအနီး ဖြစ်ပွားခဲ့သည့် နှစ်ဖက်ပစ်ခတ်မှုဖြစ်စဥ်အတွင်း စစ်ကောင်စီဘက်က ထိခိုက်မှု သေဆုံးမှုရှိခဲ့သလို KNLA ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ထိခိုက်သေဆုံးမှုရှိကြောင်း အရေအတွက်ကို အတိအကျကို မသိရှိနိုင်ကြောင်း ဒေသခံတို့က ပြောသည်။

ရေးပြောက်ကျားတပ်ဖွဲ့ (Ye Guerrilla Force) ကတော့ အလယ်စခန်းကျေးရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၃၅ ဦးသေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က တစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ထုတ်ပြန်ထားသည်။

အလယ်စခန်းကျေးရွာအနီး တိုက်ပွဲဖြစ်စဥ်အတွင်း စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုအခြေအနေနှင့် ပတ်သက်ပြီး လွတ်လပ်သောမွန်သတင်းအေဂျင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ပြီးခဲ့သည့် မေလကုန်ကလည်း ရေဖြူမြို့နယ်၊ အလယ်စခန်းရွာနှင့် လော့သိုင်းရွာ အရှေ့ဘက်ခြမ်းရှိ သာယာဝတီကျေးရွာအနီးတွင် စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

ရေဖြူမြို့နယ်၊ အလယ်စခန်းဒေသသည် မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင် ထိန်းချုပ်နယ်မြေဒေသဖြစ်ပြီး စစ်ကောင်စီတပ်များ၊ ကရင်လက်နက်ကိုင်တပ်ဖွဲ့များ လှုပ်ရှားသွားလာနေသည့်အပြင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့လည်း လှုပ်ရှားသွားနေသည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts