spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းကျိုက်ထိုတွင် ဒေသခံ ၃ ဦး ပစ်သတ်ခံရပြီး၊ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

    ကျိုက်ထိုတွင် ဒေသခံ ၃ ဦး ပစ်သတ်ခံရပြီး၊ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

    -

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ အုပ်ချုပ်မှုနယ်မြေ ငှက်ပျောတောနှင့် အလူးကျေးရွာအုပ်စုအတွင်းက ဒေသခံအရပ်သား ၃ ဦး ပစ်သတ်ခံရပြီး၊ ၃၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

    ကျိုက်ထိုမြို့နယ် ငှက်ပျောတောနှင့် အလူးကျေးရွာအုပ်စုအတွင်းသို့ အင်အား ၁၅၀ ခန့်ရှိသည့် စစ်ကောင်စီတပ်မ-၄၄ လက်အောက်ခံ တပ်ရင်းစစ်ကြောင်းသည် ဇူလိုင်လ ၁၄ ရက်နေ့က လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ပြီး ထိုးစစ်ဆင်ဝင်ရောက်လာသည်ဟု ကေအဲန်ယူ ဒူးသထူခရိုင်က ထုတ်ပြန်ထားသည်။

    စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် ဇီးကုန်းကျေးရွာ၊ ပိတောက်တောရွာ၊ ချမ်းမြေ့ရွာ၊ ငှက်ပျောတောရွာ၊ ကရဝေးဆိပ်ရွာ၊ ရှမ်းစုရွာများတို့မှ အိမ်ထောင်စု ၆၉၉ စု၊ လူဦးရေ ၃၁၄၉ ဦး ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရသည်ဟု ဆိုသည်။

    ထိုစစ်ကောင်စီစစ်ကြောင်းတပ်ဖွဲ့ဝင်များသည် ဇူလိုင်လ ၁၆ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်က ငှက်ပျောတောကျေးရွာအုပ်စု၊ ပိတောက်တောရွာနေ မောင်ပိုင်ချစ်ဦးနှင့် ကျိုက်ထိုမြို့မှ စျေးလာရောင်းသည့် အရပ်သား စျေးသည် ၂ ဦးတို့ကို အကြောင်းမဲ့ပစ်သတ်ခဲ့ပြီး ဟိုက်ဂျက်ကားတစ်စီးနှင့် ဆိုင်ကယ်တစ်စီးကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု ကေအဲန်ယူက ဆိုထားသည်။

    အဆိုပါ အရပ်သားပစ်သတ်ခံရမှုဖြစ်စဥ်နှင့် ပတ်သက်ပြီး လွတ်လပ်သောမွန်သတင်းအေဂျင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

    စစ်ကောင်စီထောက်ခံတယ်လီဂရမ်ချန်နယ်မှာတော့ ဘီးလင်းမြို့နယ် ကရဝေးဆိပ်ရွာအနီး ဆက်ကြေးကောက်နေသည့် KNU/PDF တွေကို နယ်မြေခံလုံခြုံရေးအဖွဲ့တို့က ဝင်ရောက် ရှင်းလင်းခဲ့ရာမှ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တိုက်ပွဲအတွင် KNU/PDF အလောင်းတစ်လောင်းအပါအဝင် ကား ၂ စီး၊ ဆိုင်ကယ် ၁ စီးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိသည်ဟု ရေးသားထားသည်။

    ငှက်ပျောတောနှင့် အလူးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများထဲသို့ စစ်ကောင်စီ တပ်မ-၄၄ လက်အောက်ခံ တပ်ရင်းတို့က လက်နက်ကြီးဖြင့် မကြာခဏပစ်ခတ်မှု ပြုလုပ်လေ့ရှိကြောင်း စစ်ကောင်စီတပ် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှုရှိခဲ့သည့်အပြင် နေအိမ် အဆောက်ဦး ထိခိုက်ပျက်စီးမှုများလည်း ရှိခဲ့သည်ဟု ကေအဲန်ယူ ဒူးသထူခရိုင်က ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks