Tuesday, March 10, 2026
More
    spot_img
    Homeသတင်းမွန်ပြည်သစ်ပါတီထိန်းချုပ် ရေးချောင်းဖျားဒေသတွင် ငှက်ဖျားဖြစ်ပွားမှု များလာ

    မွန်ပြည်သစ်ပါတီထိန်းချုပ် ရေးချောင်းဖျားဒေသတွင် ငှက်ဖျားဖြစ်ပွားမှု များလာ

    -

    မွန်ပြည်သစ်ထိန်းချုပ်နယ်မြေ ရေးချောင်းဖျားဒေသတွင် ယခုနှစ်အတွင်း ငှက်ဖျားရောဂါဖြစ်ပွားမှု ပိုများလာကြောင်း မွန်ပြည်သစ်ပါတီလက်အောက်ရှိ မွန်အမျိုးသားကျန်းမာရေးကော်မတီနှင့် ဒေသခံတို့ထံမှ သိရသည်။  

    ရေးချောင်းဖျားဒေသတွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီမှ ဇွန်လအထိ ငှက်ဖျားရောဂါဖြစ်ပွားသူ ၃၃၂ ဦးရှိခဲ့သော်လည်း ယခု ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိမှာတော့ ငှက်ဖျားရောဂါဖြစ်ပွားသူ ၆၉၀ ဦးရှိသည်ဟု မွန်အမျိုးသားကျန်းမာရေးကော်မတီရှိ စာရင်းများအရ သိရသည်။

    ငှက်ဖျားသည် မိုးဦးကာလဖြစ်သည့် ဧပြီ၊ မေ၊ ဇွန်လတို့တွင် စတင်ဖြစ်ပွားလေ့ရှိပြီး မိုးတွင်းကာလဖြစ်သည့် ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလတို့တွင် ငှက်ဖျားအဖြစ်များလေ့ရှိသည်ဟု မွန်အမျိုးသားကျန်းမာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်

    ပုံမှန်အားဖြင့် ဒီအချိန်မှာ ငှက်ဖျားပိုဖြစ်တာတာပေါ့နော် ဒါပေမယ့် ဒီနှစ်ကျတော့ ကွာတာ(၁) (ပထမ ၃ လပတ်ဖြစ်တဲ့ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်) မှာ ၁၀၀ ကျော်နေပြီး ပြီးခဲ့တဲ့နှစ်တုန်းက ကွာတာ(၁) မှာ ၃၉ ယောက်ပဲရှိတယ်။ ဒီနှစ်လိုမျိုး ပြီးခဲ့တဲ့ ၅ နှစ်၊ ၆ နှစ်တုန်းကလည်း ဘယ်တုန်းကမှ ၁၀၀ မပြည့်ခဲ့ဘူး။ ၅၀ တောင်မပြည့်ဖူးဘူး။ ငှက်ဖျားဖြစ်ပွားမှုနှုန်းက ဒီနှစ်က ကွာတာ(၁) မှာကိုက ထောင်တက်သွားတယ် ဟု ဆိုသည်။

    ယခုနှစ် ငှက်ဖျားဖြစ်ပွားသူများလာရခြင်းအကြောင်းအရင်းများထဲတွင် နယ်မြေမတည်ငြိမ်မှုကြောင့် မွန်ပြည်သစ်ပါတီ ရေးချောင်းဖျားဒေသအတွင်း ပြောင်းရွှေ့နေထိုင်သူ များလာခြင်းသည်လည်း အဓိကအကြောင်းအရင်းတစ်ရပ်ဖြစ်သည်ဟုလည်း ဆိုသည်။

    အဓိကကတော့ ဒီနယ်မြေတွေမှာ အရမ်းကိုရှုပ်ထွေးသည့် အနေအထားရှိတော့ မွန်ပြည်သစ်ပါတီဧရီယာမှာတော့ နေထိုင်ရတာ ပိုလုံခြုံတယ်ထင်ပြီးတော့မှ လာရောက်နေတဲ့လူတွေ ပိုများလာတယ်။ သူတို့က ငှက်ဖျားနဲ့ ပတ်သက်ပြီးတော့မှ awareness မဖြစ်ဘူး။ ငှက်ဖျားနဲ့ အကျွမ်းတဝင်မရှိတော့ ငှက်ဖျားဖြစ်ကြတယ်။ ဒါကတစ်ချက်။ နောက် ရေးချောင်းဖျားမှာ မွန်ပြည်သစ်ပါတီက ဆေးရုံတစ်ခုဖွင့်လိုက်တော့ ရေးတဝိုက်က လူတွေက အဲဆေးရုံမှာ လာကုကြလို့ လူတွေ ပိုများလာတဲ့အတွက်ကြောင့် ငှက်ဖျား ပိုဖြစ်လာတာကလည်း တချက်။ နောက် မိုးတွင်းမှာ ခြံလုပ်ဖို့ တောထဲမှာ နေကြတယ်။ ဖျားတော့ ရွာမှာ ပြန်ကုတော့ ပိုးပျံ့တာမျိုးလည်း ရှိတယ်။ နောက်တစ်ခု ကိုယ့်ဒေသအနေအထားက ခြင်တွေကြိုက်တဲ့နေရာဖြစ်နေတဲ့အတွက်ကြောင့်လဲပါတယ်။ ချောင်းရေတို့ မြစ်ရေတို့ ခြုံပုတ်တို့ပေါတယ်။ ထိန်းချုပ်ဖို့လည်း ခတ်တယ်။ အဲလိုအနေအထားရှိတယ်။ နောက် ဒီနှစ်မိုးရာသီကလည်း ကျန်တဲ့နှစ်ကိုထက် ခြင်တွေ ပိုပြီးတော့မှ ပေါက်ဖွားတဲ့ မိုးရာသီပုံစံဖြစ်နေတဲ့အနေအထားရှိတယ် ဟု ၎င်းတာဝန်ရှိသူက ဆက်ပြောသည်။

    ငှက်ဖျားဖြစ်ပွာသူ များလားခြင်းနှင့် အစိုးရကျန်းမာရေးဌာနဘက်က ငှက်ဖျားဆေးပေးဝေးမှုနှင့် ပတ်သက်ပြီး မူဝါဒပြောင်းလဲလာသည့်အတွက်ကြောင့် ငှက်ဖျားဆေး လုံလောက်မှုမရှိသည့်အနေအထားနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ၎င်းက ပြောသည်။

    မွန်အမျိုးသားကျန်းမာရေးကော်မတီအနေဖြင့် မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ ရေးချောင်းဖျားဒေသအတွင်း ငှက်ဖျားရောဂါပပျောက်ရေး စီမံကိန်းကို အကောင်အထည်ဖော်နေသော်လည်း လက်ရှိတွင် ထိန်းချုပ်နိုင်သည့်အနေအထားမရှိသေးကြောင်းလည်း သိရသည်။

    ငှက်ဖျားရောဂါကို အစိုးရဘက်က အသိအမှတ်ပြုထားသည့် NGO အဖွဲ့အစည်းတို့နှင့် ပူးပေါင်းပြီး ကုသရေးအပြင် ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည်ဟု မွန်အမျိုးသားကျန်းမာရေးကော်မတီထံမှ သိရသည်။

    မွန်ပြည်နယ်သည် ငှက်ဖျားရောဂါအဖြစ်များသည့် ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့နှင့် နယ်မြေထိစပ်နေခြင်းနှင့် ဝေးလန်ခေါင်ဖျားပြီး ကျန်းမာရေးဌာနက လက်လှမ်းမမီသည့် တိုင်းရင်းသားဒေသများဖြစ်သည့် ရေးမြို့နယ်နှင့် ဘီးလင်းမြို့နယ်တို့တွင် ငှက်ဖျားဖြစ်ပွားမှု အများဆုံးဒေသဖြစ်သည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

    မွန်ပြည်နယ် ကျန်းမာရေးဦးစီးဌာန၊ ငှက်ဖျားရောဂါကာကွယ်တိုက်ဖျက်ရေးဌာနကလည်း ငှက်ဖျားရောဂါနှင့် ပတ်သက်သည့် ကာကွယ်ရေး၊ ကုသရေးအပြင် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကိုလည်း NGO, INGO အဖွဲ့အစည်းတို့နှင့်
    ပူးပေါင်းလုပ်ဆောင်လျက်ရှိသည်။

    ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ စာရင်းများအရ ၂၀၂၃ ခုနှစ် မေလမှ ဇွန်လအထိ ငှက်ဖျားရောဂါဖြစ်ပွားမှုနှုန်းသည် ရေးမြို့နယ်တွင် ၇၅ ရာခိုင်နှုန်းအထိရှိနေပြီး ဘီးလင်းမြို့နယ်တွင် ၁၁ ရာခိုင်နှုန်း၊ သထုံမြို့နယ်တွင် ၇ ရာခိုင်နှုန်းရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks