Tuesday, March 10, 2026
More
    spot_img
    Homeသတင်းအဘစ် စစ်ကောင်စီအမြှောက်တပ်မှ အရပ်သားများ ဖမ်းဆီးပြီး ပစ္စည်းများသယ်ခိုင်း

    အဘစ် စစ်ကောင်စီအမြှောက်တပ်မှ အရပ်သားများ ဖမ်းဆီးပြီး ပစ္စည်းများသယ်ခိုင်း

    -

    မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်ကျေးရွာ အခြေစိုက် စစ်ကောင်စီအမြှောက်တပ် (၃၁၈) တပ်ရင်းမှ ဒေသခံအရပ်သား ၈ ဦးကို ဖမ်းဆီးပြီး ပစ္စည်းများ သယ်ဆောင်ခိုင်းသည်ဟု ဖမ်းဆီးခံရသူတို့နှင့် နီးစပ်သူတို့ထံမှ သိရသည်။

    အမြှောက်တပ် (၃၁၈) တပ်ရင်းမှ ဇူလိုင်လ ၁၀ ရက်နေ့ နံနက်ပိုင်းက အဘစ်-ခလယ်တံခွန်တိုင်ကြားတွင် ခြံလုပ်နေသည့် ကလော့သော့ရွာသား ၄ ဦးကို ဖမ်းဆီးခဲ့ပြီး ခလယ်တံခွန်တိုင်ဘက်သို့ တောလမ်းအတိုင်း ပစ္စည်းများ သယ်ဆောင်ခိုင်းစေခဲ့သည်သည်။

    ၎င်းတို့နှင့်အတူ ရွှေ့ပြောင်းလုပ်သား ၄ ဦးလည်း ပါဝင်ကြောင်း၊ ရွှေ့ပြောင်းလုပ်သားများက ဇူလိုင်လ ၉ ရက်နေ့ကတည်း ဖမ်းဆီးခဲ့ရကြောင်း ဆိုသည်။

    ဖမ်းဆီးခံရသည့် ကလော့သော့ရွာသား ၄ ဦးနှင့် ရွှေ့ပြောင်းလုပ်သား ၄ ဦးတို့ကို ဇူလိုင်လ ၁၀ ရက်နေ့ ပြန်လွှတ်ပေးခဲ့သည်ဟု ဖမ်းဆီးခံရသူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    “သူတို့ (စစ်တပ်) ခေါ်ပြီးတော့ ပစ္စည်းပေးထမ်းခိုင်တယ်။ မနက် ၆ နာရီခွဲကနေ ၁ဝ နာရီခွဲလောက်အထိပေါ့ သူတို့ သွားတဲ့နေရာရောက်တော့ ပေးပြန်တယ်။ သူတို့ သတိပေးတာက ခြံထဲမှာ မနေနဲ့အုံးပေါ့နော်။ ဖုန်းပါသွားတဲ့သူတွေက ဖုန်းဆင်းကဒ်တွေကို သိမ်းလိုက်တယ်။ ရိုက်နှက်တာတို့တော့ မရှိဘူး။ ဘယ်အထိရောက်သွားလဲဆိုတာကတော့ လမ်းမဟုတ်တော့ မသိကြဘူး” ဟု ၎င်းက ပြောသည်။

    အဘစ်-ခလယ်တံခွန်တိုင်လမ်းတွင် အဘစ်ဘက်ခြမ်းက စစ်ကောင်စီ စစ်ဆေးရေးဂိတ်ရှိပြီး ခလယ်တံခွန်တိုက်ဘက်ခြမ်းက KNU၊ PDF ပူးပေါင်းတပ်ဖွဲ့ ဂိတ်များရှိနေပြီး လတ်တလော ဖြစ်ပွားနေသည့် ဖမ်းဆီးခံရမှုဖြစ်စဥ်၊ ပစ်ခတ်မှုဖြစ်စဥ်များကြောင့် လူအသွားအလာနည်းပါးသွားသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    “အဲလမ်းတစ်လျှောက်မှာ ဂိတ်တွေ အများကြီးရှိတယ်။ ဒီဘက် (အဘစ်ဘက်) မှာ စစ်ကောင်စီဂိတ်၊ ဟိုဘက်ခြမ်း (ခလယ်တံခွန်တိုင်ဘက်) ကျတော့ ကရင်နဲ့ PDF တွေ ရှိတယ်။ ဟိုဘက်လဲစစ် ဒီဘက်လဲစစ်နေတော့ အဲလမ်းကို ဘယ်သူမှ မသွားကြတော့ဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

    အဘစ်-ခလယ်တံခွန်တိုင်လမ်းသည် မွန်ပြည်နယ်၊ မုဒုံမြို့နယ်ဘက်နှင့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ဘက်သို့ ဆက်သွယ်ထားသည့်လမ်းတစ်ခုဖြစ်ပြီး သွားလာရေးလွယ်ကူပြီး လမ်းခရီးတိုသည့်အတွက် ဒေသခံများ အဓိကထား သွားလာနေကြသည့်အပြင် ဒေသခံ ခြံလုပ်သားများအတွက် အရေးပါသည့် လမ်းတစ်ခုလည်းဖြစ်သည်။

    အဘစ်ကျေးရွာ အခြေစိုက် စစ်ကောင်စီအမြှောက်တပ်မှ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင်ဘက်သို့ လက်နက်ကြီးများဖြင့် နေ့စဥ်လိုလို ပစ်ခတ်နေသည်ဟုလည်း ဒေသခံတို့က ပြောသည်။

    ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့က အမြှောက်တပ် (၃၁၈) မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် တံခွန်တိုင်ကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် အသက် ၁၆ နှစ်နှင့် ၁၈ နှစ်အရွယ် လူငယ်နှစ်ဦး ကျည်စထိမှန်ဒဏ်ရာရရှိခဲ့သေးသည်။

    အဘစ်ကျေးရွာအခြေစိုက် စစ်ကောင်စီ အမြှောက်တပ် (၃၁၈) မှ လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းနှင့် စစ်ကြောင်းထိုး ဝင်ရောက်လာနေခြင်းကြောင့် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ပုလိန်၊ ခလယ်၊ တံခွန်တိုင်၊ နန်းသိုင်းထွန်း အစရှိသည့် ကျေးရွာများမှ ထောင်နှင့်ချီ ဒေသခံတို့က ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks