နိဒါန်း
“ဖိလေ ကြွလေ” ဆိုသည့် နိယာမအတိုင်း နိုၚ်ငံ၏ အချုပ်အခြာအာဏာကို လက်နက်အားကိုးဖြင့် မတရားလုယူ သိမ်းပိုက်ထားသော နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ (စစ်ကောင်စီ) သည် ယခုအချိန်တွင် ရန်သူများ ပတ်လည် ဝိုင်းရံလျက် ရှိသည်။ ယခုလ ငြိမ်းချမ်းရေးသုံးသပ်ချက်တွင် နွေဦးတော်လှန်ရေး၏ အသီးအပွင့်တစ်ခုအဖြစ် ခေတ်သစ် ကရင်နီပြည်အစိုးရပေါ်ပေါက်လာပုံနှင့် ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက်များကို ရှင်းပြထားသည်။ တဆက်တည်းတွင် မွန်ဒေသအတွင်း KNU/KNLA ၏ တပ်မဟာ (၈) အကြောင်းကို ဖတ်ရှုရမည်။ မွန်ပြည်သစ်ပါတီအနေဖြင့် မွန်လူမျိုးတို့ကို ကာကွယ်ရန်နှင့် ထိန်းချုပ်နယ်မြေများ မဆုံးရှုံးရလေအောင် မည်ကဲ့သို့သော ခြေလှမ်းဖြင့် ဆက်လှမ်းသွားမည်နည်း။ မိမိတို့လူမျိုးကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် တော်လှန်ရေးအင်အားစုတို့နှင့် ပူးပေါင်းပြီး စစ်ကောင်စီကို တော်လှန်တိုက်ခိုက်မည်လော၊ စစ်ကောင်စီနှင့် အလိုက်သင့်နေပြီး နယ်မြေအဆုံးရှုံးခံ နိုင်ငံရေးသိက္ခာ အကျခံမည်လော။ ယင်းအပြင် အမျိူးသမီးနှင့် ကလေးငယ်များအပေါ် ကျူးလွန်သည့် ဖက်ဆစ်စစ်တပ်၏ စစ်ရာဇဝတ်မှု အကြောင်းလည်း ထည့်သွင်း ရေးသားထားသည်။ ထို့နောက် မြန်မာပြည်တောင်ပိုင်းတွင် အရပ်သားသေဆုံးမှု စံချိန်တင် မြင့်တက်လာသည့် အကြောင်းကို RICE သုတေသနအဖွဲ့၏ မှတ်တမ်းက ဖော်ပြပေးမည်။ ယင်းအပြင် မြန်မာ့အရေးနှင့် ပတ်သက်၍ နိုင်ငံတကာအသိုင်းအဝိုင်းက မည်ကဲ့သို့ တုံ့ပြန်ပြောဆိုထားသည်ကအစ ဤစာတမ်းတွင် အကျယ်တဝင့် ဖတ်ရှုနိုင်မည် ဖြစ်ပါသည်။
ကရင်နီပြည်အစိုးရသစ်အကြောင်း
နွေဦးတော်လှန်ရေးမှတဆင့် ဖက်ဒရယ်ကို အခြေခံသော ပထမဦးဆုံး ပြည်နယ်အစိုးရတစ်ရပ် ဖွဲ့စည်းနိုင် ခဲ့ပြီ။ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (Karenni State Interim Executive Council – IEC) ဟု ခေါ်သည်။ ကရင်နီပြည်သူအများစုသည် စစ်တပ်အာဏာသိမ်းမှုအပေါ် ကန့်ကွက်ရှုတ်ချရုံမျှ လုပ်နေသည်မဟုတ်၊ တမျိုးသားလုံး အတိုင်းအတာဖြင့် အင်တိုက်အားတိုက် တော်လှန်တိုက်ပွဲ ဆင်နွှဲခဲ့ခြင်းကြောင့် တော်လှန်ရေး အသီးအပွင့်အချို့ ဖြစ်ထွန်းခဲ့ကြောင်း ပြောဆိုရပေမည်။
၂၀၂၁ ခုနှစ် အာဏာမသိမ်းမီ၊ ကယားပြည်နယ်ဟုခေါ်သော ကရင်နီဒေသတွင် တော်လှန်ရေးလုပ်နေသော ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP/KA) ဟူသည့် လက်နက်ကိုင်တပ်ဖွဲ့တစ်ခု ရှိခဲ့သည်။ စစ်တပ်အာဏာ သိမ်းပြီးနောက် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF) ပေါ်ပေါက်လာပြီး ကရင်နီတော်လှန်ရေးမှာ အရှိန်အဟုန် ခပ်ပြင်းပြင်းနှင့် အားကောင်းလာသည်။ ယင်းတော်လှန်ရေး အဖွဲ့အစည်း (၂) ခုနှင့်အတူ အခြားသော လူမျိုးစုများ ပါဝင်သော ကရင်နီအင်အားစုတို့ ပူးပေါင်းပြီး စစ်တပ်အာဏာသိမ်းသည့်နှစ် (၂၀၂၁)၊ ဧပြီလ (၉) ရက်၌ပင် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) ကို စတင်ဖွဲ့စည်းနိုင်ခဲ့သည်။
ကရင်နီပြည်ဒေသအတွင်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက် တော်လှန်ရေးအဖွဲ့အစည်းများ ဘက်က အသာစီးရရှိလာသည်။ ထို့နောက် နယ်မြေစိုးမိုးမှုလည်း ပိုမိုအားကောင်းလာသည်။ ယင်းအပြင် ပြည်သူလူထု၏ ထောက်ခံမှုကိုပါ ရရှိထားခြင်းကြောင့် ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) ၏ အစီအမံအရ ပြည်နယ်အစိုးရ ဖွဲ့စည်းရန် ဦးတည်ချက်ဖြင့် ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ဟူသည့် အုပ်ချုပ်ရေး ယန္တရားတစ်ရပ်ကို ဖွဲ့စည်းလိုက်ကြောင်း ဇွန်လ (၁၂) ရက်၌ တရားဝင်ကြေညာခဲ့သည်။ ယင်းအုပ်ချုပ်ရေးကောင်စီ (IEC) တွင် (KNPP) ဥက္ကဌ ခူဦးရယ်က ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားပြီး (KNDF) ဦးဆောင်သူ ခွန်းဘီးထူးက ဒုဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသည်ကို တွေ့ရသည်။ ရည်ရွယ်ချက် (၃) ချက် ရှိသည်။ (၁) စုပေါင်းခေါင်းဆောင်မှုများဖြင့် ကြားကာလပြည်နယ် အစိုးရတစ်ရပ်၏ အုပ်ချုပ်ရေးကို ဖော်ဆောင်သွားရန်၊ (၂)ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကဏ္ဍများ အပြန်အလှန် ထိန်းညှိပြီး ပြည်နယ်၏ တည်ငြိမ်အေးချမ်းရေးကို ကြိုးပမ်းဖော်ဆောင်သွားရန်နှင့် (၃) ပြည်နယ်အတွင်းရှိ အင်အားစုအသီးသီးနှင့် လက်တွေ့ကျစွာ ပူးပေါင်းပါဝင်ဆောင်ရွက်သွားရန် စသည်ဖြင့် ထုတ်ပြန်ထားသည်။[1]
ကရင်နီပြည်နယ်တွင် ကရင်နီလူမျိုးများအပြင် ကယန်း၊ ကယော၊ ပဒေါင် စသည့် မျိုးနွယ်စုများ ရှိနေခြင်းကြောင့် (IEC) တွင် မျိုးနွယ်စုအသီးသီး၏ ပါဝင်ခွင့်ကလည်း အရေးကြီးလှသည်။ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ၏ ဖယ်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်၌ ပြည်နယ်အစိုးရများကို ဖွဲ့စည်းရာတွင် သက်ဆိုင်ရာပြည်နယ်များရှိ ပြည်နယ်သူ/ သားများက ဖွဲ့စည်းပိုင်ခွင့်ရှိကြောင်း အတိအလင်း ပြဆိုထားသည်။ ပဋိညာဥ်အတိုင်းပင် ကရင်နီပြည်နယ်အတွင်းရှိ သက်ဆိုင်ရာအဖွဲ့အစည်း၊ အင်အားစု အသီးသီးတို့ စုစည်းပြီး ၎င်းအုပ်ချုပ်ရေးကောင်စီ (IEC) ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ထိုသို့ တော်လှန်ရေးနယ်မြေများတွင် ဒေသန္တရ အုပ်ချုပ်ရေး၊ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်ကြောင်း ထုတ်ပြန်ပြီးတိုင်း စစ်ကောင်စီတပ်က ပစ်မှတ်ထား ဖြိုခွင်းတိုက်ခိုက်တတ်သည်။ ထို့ကြောင့် ကရင်နီဒေသတွင် တိုက်ပွဲ ပိုမိုပြင်းထန်လာနိုင်သည်။ ကရင်နီနှင့် အခြားဒေသများကဲ့သို့ တိုက်ပွဲဖြစ်ပွားမှုကို မလိုလားသော မွန်ပြည်သစ်ပါတီက နွေဦးတော်လှန်ရေးတွင် ပါဝင်ခြင်းမရှိဘဲ မွန်ဒေသကို ငြိမ်းချမ်းစေချင်သည်။ မွန်ပြည်သစ်ပါတီ အနေဖြင့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲရှောင်ရင်း မွန်ဒေသအတွင်း ကရင်လက်နက်ကိုင်ပူးပေါင်းတပ်များ ဝင်ရောက် စိုးမိုးလာသည်။
- KNU တပ်မဟာ (၈) ရည်မှန်းချက်
KNU အနေဖြင့် တရားဝင်စာ ထုတ်ပြန်ခြင်း မရှိသော်လည်း မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေးချောင်းဖျားကို အခြေပြုမည့် တပ်မဟာ (၈) နယ်မြေသစ်တစ်ခု ထူထောင်ရန် အားခဲနေသည်။ ထိုနေရာသည် မွန်ပြည်သစ်ပါတီ၏ ထိန်းချုပ်နယ်မြေနှင့် မွန်ပြည်နယ်ဧရိယာအများစုကို KNLA က နယ်မြေစိုးမိုးရန် ကြိုးပမ်းခြင်းကြောင့် မွန်နှင့် ကရင်ကြား ပဋိပက္ခဖြစ်ပွားလာနိုင်ခြေကိုလည်း ထည့်တွက်ထားရန် လိုအပ်သည်။
ပေါက်ကြားလာသော သတင်းအရင်းအမြစ်တစ်ခုအရ (KNU) ဒုစစ်ဦးစီးချုပ် ဘောကျော်ဟဲ ဦးဆောင်၍ တပ်မှူးများညီလာခံတစ်ရပ်ကို ခေါ်ယူကျင်းပခဲ့ပြီး ထိုညီလာခံမှ တပ်မဟာ (၈) ကို တိုးချဲ့ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ကြောင်း RICE သုတေသီတစ်ဦးက စုံစမ်းသိရှိထားသည်။ KNU/KNLA ၏ တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်း (၂၇)၊ တပ်ရင်း (၂၈) နှင့် တပ်ရင်း (၂၉) တို့ကိုလည်းကောင်း၊ ယင်းအပြင် အင်အား ၅၀၀ နီးပါးခန့်ရှိသော ကျားဖြူစစ်ကြောင်း၊ ဒေါနစစ်ကြောင်း၊ နဂါးနီစစ်ကြောင်းနှင့် တောင်ညိုစစ်ကြောင်းတို့ကိုလည်းကောင်း တပ်မဟာ (၈) လက်အောက်ခံအဖြစ် ထည့်သွင်းဖွဲ့စည်း သွားမည်ဖြစ်ကြောင်း သိရသည်။ တပ်မဟာ (၈) ၏ ယာယီတပ်မဟာမှူးအဖြစ် တပ်ရင်း (၂၇) ၏ တပ်ရင်းမှူး ရန်နိုင် (ခ) နယ်ဒါထူးက တာဝန်ယူသွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
မွန်နယ်မြေအတွင်း ကရင်လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သော KNU က တပ်မဟာအသစ် လာဖွင့်သည့် လုပ်ရပ်ကို မွန်လူမျိုးတို့က လိုလားမည် မဟုတ်ပါ။ RICE ၏ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက –
KNU အနေနဲ့ မွန်လူမျိုးတွေအများစု နေထိုင်တဲ့ ရေးဒေသမှာ တပ်မဟာ (၈) ဖွင့်ရင် မွန်နဲ့ကရင်ကြား နယ်မြေပြဿနာ ဖြစ်လာနိုင်တယ်၊ မွန်ပြည်သစ်ပါတီနဲ့လည်း ယခင်က အနာဟောင်းတွေ ရှိခဲ့ဖူးတယ်၊ ကရင်တွေဘက်က MSDF တပ်ဖွဲ့ဝင် (၃) ဦးကို လုပ်ကြံပစ်ခတ်ထားတာလည်း ရှိတယ်၊ ဒါတွေက ပဋိပက္ခအသွင်ဆောင်စေတဲ့ အကြောင်းတွေပဲ။ ထိပ်ပိုင်းခေါင်းဆောင်တွေ ကြေကြေလည်လည် ညှိနှိုင်းလို့မရဘဲ မွန်နဲ့ကရင် စစ်ဖြစ်ရင်တော့ ဘုံရန်သူဖြစ်တဲ့ စစ်ကောင်စီအကြိုက် ဖြစ်သွားလိမ့်မယ်။
KNU တပ်မဟာ (၈) ပေါ်ပေါက်ရေးအတွက် ကရင်လက်နက်ကိုင်ပူးပေါင်းတပ်တို့က မြေပြင်တွင် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နေသည်ကို တွေ့ရသည်။ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းက မြို့ ၆ မြို့နှင့် အမှတ် ၈ လမ်းမကြီးတစ်လျှောက် အသုံးပြုနေသည့် ခရီးသွားပြည်သူများ၊ မော်တော်ယာဉ်များအနေဖြင့် အချက် (၄) ချက် ပါဝင်သော ကြေညာချက်တစ်စောင်ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNU/ KNLA က ထုတ်ပြန် ထားသည်။ ဇွန်လ ၁၅ ရက်နေ့မှ စပြီး မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ထားဝယ်၊ မြိတ်နှင့် အမှတ် ၈ လမ်းကြီးတစ်လျှောက် သွားလာနေသော ခရီးသွားယာဉ်များ၊ ပြည်သူတွေများက KNLA ၏ စစ်ဆေးမှုကို လက်ခံရန်၊ စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ခရီးအတူ မသွားမိစေရန်၊ စစ်ကောင်စီ၏ ပစ္စည်းနှင့် လူများ မတင်ဆောင်ရန် အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ယာဉ်များအနေနှင့်လည်း အစစ်အဆေးခံရန် မေတ္တာရပ်ခံထားသည်။ အဆိုပါ ထုတ်ပြန်ချက်ကို လိုက်နာရန်လိုအပ်ပြီး ဖောက်ဖျက်ကျူးလွန်ပါက ဖြစ်ပေါ်လာမည့် မည်သည့်ကိစ္စမျိုးမဆို တာဝန်ယူမှာ မဟုတ်ကြောင်း၊ ခရီးသွားပြည်သူတို့ကို မနစ်နာစေရန် ယခုလိုထုတ်ပြန်ရခြင်းဖြစ်ကြောင်း ဆိုသည်။[2]
- မွန်ပြည်သစ်ပါတီ ဘာဆက်လုပ်မလဲ?
မွန်ပြည်အတွင်း ကရင်လက်နက်ကိုင်ပူးပေါင်းတပ်များ ဝင်ရောက်ထိုးဖောက်လာမှုကြောင့် မွန်ကျေးရွာအချို့တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလာသည်ကို တွေ့ရသည်။ မွန်ပြည်သူတို့ကို စစ်ဘေးဒဏ်မသင့်လိုသည့် မွန်ပြည်သစ်ပါတီ ကလည်း မွန်ကျေးရွာအတွင်း တိုက်ပွဲဖြစ်ပွားမှုကို မတားဆီးနိုင်တော့ပါ။ ဤအခြေအနေတွင် မွန်ပြည်သစ်ပါတီအနေဖြင့် မွန်လူထုကို ကာကွယ်ရန်နှင့် နယ်မြေဆုံးရှုံးမှု မဖြစ်စေရန် စစ်ရေးအရ တုံ့ပြန်တော့မည်လော၊ အချိန်တော်ကြာ ပျောက်ကွယ်နေသော မွန်ပြည်သစ်ပါတီဥက္ကဌ၏ စကားသံကို နားထောင်ကြည့်ကြပါစို့။
IMNA ၏ talk show အစီအစဥ်တွင် မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ဟံသာက –
❞ပစ်ခတ်နေရုံမျှနဲ့ ပြီးသွားမှာ မဟုတ်ဘူး၊ ရပ်ရွာအေးချမ်းဖို့ တွေ့ဆုံဆွေးနွေးအဖြေရှာနိုင်မှသာ တိုင်းပြည်က ရေရှည်ငြိမ်းချမ်းရေး ရရှိမှာပါ၊ ဒါပေမယ့် ကျွန်တော်တို့လည်း စဥ်းစားထားတာ ရှိပါတယ်၊ ပြည်သူတွေကိုလည်း သတိပေးပါတယ်၊ တနေ့နေ့တချိန်ချိန်မှာ အားလုံးက မဖြစ်မနေ တိုက်ရမယ်ဆိုတဲ့အချိန်ရောက်ရင် ကျွန်တော်တို့လည်း ဝင်ပါမှာပါ၊ အဲအတွက်ကြောင့် ကျင်းတူးပြီး ကြိုတင်ပြင်ဆင်ထားကြပါ။
ဟု ပြောဆိုထားသည်။ နိုင်ဟံသာ၏ ပြောဆိုမှုက မွန်ပြည်သစ်ပါတီအနေဖြင့် အတတ်နိုင်ဆုံး စစ်ဖြစ်ပွားမှုကို ထိန်းသွားမှာ ဖြစ်ပြီး အကယ်၍ အားလုံးက မဖြစ်မနေ တော်လှန်တိုက်ပွဲ ဆင်နွှဲမည်ဆိုပါက ၎င်းတို့လည်း ပါဝင်မည်ဟု ဆိုသည်။ မွန်လူမျိုးများ နေထိုင်သည့် ရေမြေပထဝီအနေအထားမှာ ကချင်၊ ချင်း၊ ကရင်နီနှင့် ကရင်တို့လိုမျိုး တောင်ပေါ်ဒေသ မဟုတ်ဘဲ မြေပြန့်ဒေသ ဖြစ်ကြောင်း၊ မွန်ရွာအများစုသည် လူနေအိမ်စိပ်ပြီး အိမ်ကြီးအိမ်ကောင်း တိုက်အိမ်များ ဖြစ်နေခြင်းကြောင့် စစ်ကောင်စီတပ်နှင့် ပစ်ခတ်တိုက်ခိုက်မည် ဆိုပါက ရန်သူ (စစ်ကောင်စီ) က အရပ်ရှစ်မျက်နှာမှ အလွယ်တကူ ဝင်ရောက်နိုင်ပြီး ပြည်သူများက ထိခိုက်ဆုံးရှုံးမှု ပိုများမည်၊ ပြည်သူများ ဒုက္ခဖြစ်မည်ကို စိုးရိမ်၍ စစ်ကောင်စီနှင့် တိုက်ပွဲရှောင်နေခြင်းဖြစ်ကြောင်း မွန်ပြည်သစ်ပါတီက အကြောင်းပြသည်။
မွန်ပြည်သစ်ပါတီအနေဖြင့် စစ်ကောင်စီနှင့် ဆက်တိုက်ဆိုသလို တွေ့ဆုံခဲ့သော်လည်း ထူးခြားသည့်ရလဒ် ထွက်ပေါ်ခဲ့ခြင်းမရှိခြင်းကြောင့် နောက်ဆုံးအကြိမ်ဆွေးနွေးပွဲတွင် ရပ်နားထားသည်။ ထို့အပြင် PPST ဦးဆောင်မှုနေရာတွင်လည်း နုတ်ထွက်ပြီး ပါဝင်မှုအဆင့်လျှော့ချလိုက်သည်။ မွန်ပြည်သစ်ထိန်းချုပ်နယ်မြေတွင် KNU တပ်မဟာ (၈) တည်ထောင်ရန် ကြိုးပမ်းခြင်းကလည်း မွန်ပြည်သစ်ပါတီအတွက် ခေါင်းခဲစရာ ဖြစ်နေသည်။ စစ်ရေးအခြေအနေအရ ပြောင်းလဲလာသော အခင်းအကျင်းအောက်တွင် မွန်ပြည်သစ်ပါတီ၏ နိုင်ငံရေးကစားကွက်လည်း လိုက်ပါပြောင်းလဲရမည့်သဘော ရှိနေသည်။ ထို့ကြောင့်လည်း နိုင်ဟံသာအနေဖြင့် မွန်ပြည်သူလူထုအပေါ် စစ်ရေးသတိထားပြီး ပြင်ဆင်ထားကြရန် သတိပေးခေါင်းလောင်းသံ ထိုးပေးခဲ့သည်။
ထို့ကြောင့် မွန်ပြည်သစ်ပါတီအနေဖြင့် မွန်လူမျိုးတို့ကို ကာကွယ်ရန်နှင့် ထိန်းချုပ်နယ်မြေများ မဆုံးရှုံးရလေအောင် မည်ကဲ့သို့သော ခြေလှမ်းဖြင့် ဆက်လှမ်းသွားမည်နည်း။ မိမိတို့လူမျိုး ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် တော်လှန်ရေးအင်အားစုတို့နှင့် ပူးပေါင်းပြီး စစ်ကောင်စီကို တော်လှန်တိုက်ခိုက်မည်လော၊ စစ်ကောင်စီနှင့် အလိုက်သင့်နေပြီး နယ်မြေအဆုံးရှုံးခံ နိုင်ငံရေးသိက္ခာအကျခံမည်လော မွန်ပြည်သစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်တို့၏ ရွေးချယ်ဆုံးဖြတ်မှုကသာ အဖြေပေးသွားပေမည်။
ရာမညအင်စတီကျုနိုင်ငံရေးသုတေသနဌာန၏ ဇွန်လ ငြိမ်းချမ်းရေးသုံးသပ်ချက်မှ ကောက်နှုတ်တင်ပြပါသည်။ အပြည့်အစုံကို https://rehmonnyainstitute.com/2023/07/01/june-peace-analysis-2/?fbclid=IwAR1oZEgSjxyTWzAGq8QmUnMMXrWfrbLvDIXAUDfAy9NcPG2tgQbNjYIpjD0 တွင် ကြည့်ရှုနိုင်ပါသည်။
[1] RFA, June 12, 2023: ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ စတင်ဖွဲ့စည်း။ https://www.rfa.org/burmese/news/karenni-iec-established-06122023062424.html
[2] RFA, June 10, 2023 : မွန်နဲ့ တနင်္သာရီက ခရီးသွားတွေအတွက် KNLA သတိပေးချက်ထုတ်ပြန် – https://www.rfa.org/burmese/news/knu-military-check-06102023180953.html
ရာမညအင်စတီကျုနိုင်ငံရေးသုတေသနဌာန၏ ဇွန်လ ငြိမ်းချမ်းရေးသုံးသပ်ချက်မှ ကောက်နှုတ်တင်ပြပါသည်။