spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းထွက်ပြေးတိမ်းရှောင်နေရသည့် နှစ်ကရင်ဒေသခံများ နေရပ်မပြန်ရဲသေး

    ထွက်ပြေးတိမ်းရှောင်နေရသည့် နှစ်ကရင်ဒေသခံများ နေရပ်မပြန်ရဲသေး

    -

    စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်ဖွဲ့တို့အကြား ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာခံများ ယနေ့အထိ နေရပ်မပြန်ရဲသေးကြောင်း သိရသည်။

    ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့က နှစ်ကရင်ကျေးရွာရဲစခန်းကိ KNLA, PDF ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ပစ်ကူခဲ့သည့်အပြင် လေယာဥ်ဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

    တိုက်ပွဲနှင့် စစ်ကောင်စီဘက်က လက်နက်ကြီး၊ လေယာဥ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ထောင်နှစ်ချီသည့် နှစ်ကရင်ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

    လက်ရှိအချိန်အထိ နှစ်ကရင်ကျေးရွာရဲစခန်းအတွင်း စစ်ကောင်စီတပ်ဖွဲ့များ စခန်းချတပ်စွဲထားသည့်အတွက် အချိန်မရွေး တိုက်ပွဲ ထပ်ဖြစ်နိုင်ကြောင်း ဒေသခံ ဆရာတော်တစ်ပါးက မိန့်ကြားသည်။

    “ရွာထဲမှာတော့ ယောင်္ကျားလေးတွေလောက်ပဲ ရှိတော့တာ။ တိတ်တော့ တိတ်နေတယ် ဒါပေမဲ့ အပြင်က (KNLA, PDF) ထပ်ဝင်လာမယ်ဆိုရင် ထပ်ဖြစ်ဖို့ရှိတယ်။ ဗမာစစ်တပ်တွေက ကင်းစခန်းချထားတော့လေ” ဟု ဆရာတော်က မိန့်သည်။

    လက်ရှိတွင် အမျိုးသမီး၊ ကလေး၊ သက်ကြီးရွယ်အိုနှင့် မသန်စွမ်းဒေသခံများ နီးစပ်ရာ မြို့၊ ရွာ၊ ဆွေမျိုး၊ မိတ်ဆွေများထံ ပြောင်းရွှေ့နေထိုင်နေရဆဲဖြစ်ကြောင်း သိရသည်။

    “ဒီတခေါက်ထွက်ပြေးလာတာ ဘယ်သူမှ မပြန်ရဲသေးဘူး။ အရင်တစ်ခေါက် တိမ်းရှောင်ပြီး ပြန်လာတော့ အခုလို ထပ်ဖြစ်မှန်း ဘယ်သူမှ ကြိုမသိတော့ အခုတစ်ခေါက်လည်း တော်ရုံ မပြန်ရဲသေးဘူး။ တော်တော်လေး လန့်နေကြတာ။ အမတို့လည်း အခုချောင်းဆုံဘက်ရောက်နေတာ ကိုယ့်သမီးက သိပ်မသန်နေတော့ ထွက်ပြေးရတာပေါ့” ဟု တိမ်းရှောင်နေရသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

    နှစ်ကရင်ကျေးရွာရဲခန်း တိုက်ခိုက်ခံရမှုဖြစ်စဥ်တွင် စစ်ကောင်စီ အမြောက်တပ် ၃၁၇ တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ကူခဲ့ပြီး လူနေအိမ်ပေါ် ကျရောက်ပေါက်ကွဲကာ အသက် ၂၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ ဆေးရုံတွင် သက်ရောက်ဆေးကုသမှု ခံယူနေရသည်။

    ပြီးခဲ့သည့် ဇွန်လ ၈ ရက်ကလည်း နှစ်ကရင်ကျေးရွာထဲ KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်လာပြီးနောက် စစ်ကောင်စီအမြှောက်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးကျည်ကျကွဲမှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့သေးသည်။

    ရေးမြို့နယ်အတွင်း နယ်မြေစိုးမိုးထိန်းချုပ်နိုင်ရေးအတွက် KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က ဇွန်လလယ်ခန့်မှစကာ စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာပြီး စစ်ကောင်စီတပ်တို့နှင့် တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားလာခဲ့သည်။

    ဒုစစ်ဒေသခွဲမှူးရုံး၊ စစ်ဒေသခွဲအမှတ် ၃၊ တောင်ပိုင်းတိုင်း PDF က သတင်းထုတ်ပြန်ထားချက်အရ ရေး-ထားဝယ်ကားလမ်းတလျှောက်တွင် ဇွန်လ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ သုံးရက်အတွင်း စစ်ကောင်စီတပ်နှင့် KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ ၆ ကြိမ်ဖြစ်ပွားခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks