မွန်ပြည်နယ်၊ သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်အကြားရှိ ကျုံအိတ်တံတားသည် ဇွန်လ ၂၉ ရက်နေ့ နံနက် ၄ နာရီအချိန်ခန့်က မိုင်းဖောက်ခွဲဖျက်ဆီးခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။
ကျုံအိတ်တံတား ဖောက်ခွဲခံရမှုကြောင့် တံတားတစ်ခြမ်း ပြိုကျပျက်စီးသွားပြီး ကျန်ဘက်ခြမ်းတွင် ယာဉ်တစ်စီးစာ ဖြတ်သန်းသွားလာနိုင်သည့် အနေအထားမျိုးသာ ကျန်ရှိတော့ကြောင်း ဆိုသည်။
တံတားဖောက်ခွဲခံရချိန်တွင် တံတားပေါ်ဖြတ်သန်းသွားလာနေသည့် မော်တော်ယာဥ် ၂ စီးလည်း တံတားနှင့်အတူ ချောင်းအတွင်းကျသွားပြီး ထိခိုက်ပျက်စီးသွားကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ကားနှစ်စီးမှာ တစ်စီးကတော့ လုံးဝကို ခေါင်းကြေပြီး ပျက်စီးသွားတယ်။ ကားပေါ်မှာ အမျိုးသားတစ်ဦးကတော့ ဆုံးသွားတယ်။ တစ်ဦးကတော့ ထိခိုက်ဒဏ်ရာ ရထားတယ်”ဟု ၎င်းက ပြောသည်။
တံတားဖောက်ခွဲမှုကြောင့် သေဆုံးသွားသူနှင့် ထိခိုက်ဒဏ်ရာရရှိသူကို ဘီးလင်းဆေးရုံသို့ ပို့ဆောင်ထားကြောင်းလည်း ၎င်းက ဆက်ပြောသည်။
လက်ရှိတွင် ကျန်နေသည့်တံတားဘက်ခြမ်းတွင် ယာဥ်အသေးများနှင့် ဝန်အားနည်းသည့်ယာဥ်များ တစ်စီးချင်း ဖြတ်သန်းသွားလာနေရပြီး နှစ်ဖက် ယာဥ်ပိတ်ဆို့မှုများလည်း ဖြစ်ပေါ်နေကြောင်း ဒေသခံတို့က ပြောသည်။
“လောလောဆယ် တံတားပေါ်ကို ကားတစ်စီးပြီးမှ တစ်စီးပေးသွားနေတာမျိုးတွေ့ရတယ်။ နှစ်ဖက်သွားလာနေတဲ့ ကားတွေအများကြီး ပိတ်ဆို့နေပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
တံတားဖောက်ခွဲခံရသည့်နေရာတွင် စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့များ ရောက်ရှိနေပြီး လမ်းကို လုံခြုံရေးတင်းကြပ်ထားသည့်အပြင် စစ်ဆေးမှုများလည်း လုပ်ဆောင်နေကြောင်း၊ သက်ဆိုင်ရာကလည်း ယာဥ်များ ဖြတ်သန်းသွားလာနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဖောက်ခွဲဖျက်ဆီးခံရသည့် ကျုံအိတ်တံတားသည် ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-မြဝတီလမ်းအတွက် အရေးပါသည့်တံတားတစ်စင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။
ကျုံအိတ်တံတား ဖောက်ခွဲခံရမှုဖြစ်စဥ်နှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သည်ကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။