မြန်မာနိုင်ငံတွင် လူဦးရေစာရင်းကောက်ယူမှုလုပ်ငန်းတွေ ပြီးလုနီးပြီလို့ စစ်ကောင်စီက ကြေညာထားပေမယ့် အခြေအနေအားလုံးကို ခြုံငုံသုံးသပ်လိုက်လျှင် ရွေးကောက်ပွဲလုပ်ဖို့ မဖြစ်နိုင်သေးဘူးလို့ နိုင်ငံရေးသမားနှင့် ပညာရှင်များက သုံးသပ်ပြောဆိုနေကြသည်။
နိုင်ငံတဝှမ်း စစ်ရေးပဋိပက္ခပြင်းထန်နေချိန်တွင် လူဦးရေစာရင်းကို စစ်ကောင်စီတို့က အတိအကျ ကောက်ယူနိုင်ခြင်း မရှိကြောင်း ၎င်းတို့က ထောက်ပြပြောဆိုထားသည်။
ရခိုင်အမျိုးသားပါတီမှ ဦးထွန်းအောင်ကျော်က ရွေးကောက်ပွဲကော်မရှင်အနေဖြင့် လူဦးရေ (၉၀) ရာခိုင်နှုန်းနီးပါးခန့် လူဦးရေစာရင်း ကောက်ယူပြီးစီးသွားပြီဆိုတာ ဖြစ်နိုင်မလား၊ လာမည့်နှစ်တွင်လည်း ရွေးကောက်ပွဲကျင်းပဖို့ မဖြစ်နိုင်သေးဘူးလို့ RFA ကို ပြောဆိုထားသည်။
မြန်မာနိုင်ငံတွင် ပြည်တွင်းနေရပ်စွန့်ခွာသူ စစ်ဘေးရှောင် (၁၅) သိန်းခန့်ရှိကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားပြီး လူဦးရေစာရင်းကောက်ယူရာတွင် ၎င်းတို့စာရင်း ပါဝင်နိုင်မလား၊ ရွေးကောက်ပွဲမှာလည်း ၎င်းတို့ပါဝင်ခွင့်ရှိလားလို့ ကုလသမဂ္ဂက မေးမြန်းထားသည်။
လက်ရှိအချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ကတော့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စနစ်တကျပြင်ဆင်ထားပြီး တိုင်းနှင့် ပြည်နယ်တချို့မှာ ပါတီဝင်တွေ့ဆုံပွဲနှင့် စည်းရုံးပွဲတွေ လုပ်ဆောင်နေသည်။ ဒီအချိန်အခါမှာ ၎င်းတို့တပါတီသာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု ရည်ရွယ်ထားသည်။
လာမည့်ရွေးကောက်ပွဲတွင် စစ်ကောင်စီတို့က NLD ပါတီကို ဖယ်ထုတ်လိုက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အောင်နိုင်ရေးအတွက် ရွေးကောက်ပွဲပြုလုပ်ခြင်းအပေါ် ပြည်သူလူထုဆန္ဒနှင့် ဆန့်ကျင်နေကြောင်း NLD တာဝန်ရှိသူတို့က ပြောဆိုထားသည်။
အနောက်နိုင်ငံအစိုးရများနှင့် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့များက စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှု မရှိကြောင်း ထောက်ပြပြောဆိုနေကြသည်။