မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကလော့ကျေးရွာအုပ်စု၊ ကလော့ကြီးရွာအနီး ခွင့်ရက်ရှည် ယူထားသည့် မွန်ပြည်သစ်ပါတီဝင်တစ်ဦး လက်လုပ်သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ပြင်းထန်ဒဏ်ရာရရှိကြောင်း သိရသည်။
ဇွန်လ ၂၈ ရက်နေ့ နံနက် ၄ နာရီအချိန်ခန့်က နိုင်ပလွယ်စိုက်သည် ဝယ်ကလိန်တောင်ပေါ်ရှိ ၎င်း၏ကွမ်းခြံထဲတွင် တည်ရှိနေစဉ် အမျိုးသားတစ်ဦးက လက်လုပ်သေနတ် (တောသေနတ်) ရှည်ဖြင့် နှစ်ချက်ပစ်ခတ်ခဲ့သည်ဟု နီးစပ်သူတို့က ပြောသည်။
“ခြံမှာရှိနေတဲ့အချိန် ချောင်းပစ်ခံရတာ။ ဘယ်သူပစ်တာလဲတော့ မသိဘူး။ အဖွဲ့အစည်းတစ်ခုခုက ပစ်တာတော့ မဖြစ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ တောသေနတ်နဲ့ ပစ်တယ်ဆိုတော့လေ။ ကျွန်တော်တို့တွက်ချက်ထားတာက တောသေနတ်နဲ့ဆိုတော့ ဒေသခံတွေဘဲ ဖြစ်မှာပါ” ဟု နီးစပ်သူ နိုင်စိုးက ပြောသည်။
လက်လုပ်သေနတ်ဖြင့် ပစ်ခတ်ခံရမူကြောင့် နိုင်ပလွယ်စိုက်သည် ဝဲဘက်ရင်ဘတ် ညှပ်ရိုးအနီး ကျည်ဖောက်ဝင် ဒဏ်ရာ နှစ်ချက် (စိုးရိမ်ရ) ရရှိခဲ့သည်ဟု ဆိုသည်။
အသက် ၃၅ နှစ်အရွယ်ရှိ နိုင်ပလွယ်စိုက်သည် မိသားစု အခက်အခဲကြောင့် မွန်ပြည်သစ်ပါတီမှ ခွင့်ရက်ရှည် ယူထားပြီး လက်ရှိ ကလော့ကျေးရွာ၌ ခြံလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသည်ဟု ရေးမြို့ မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“သူတို့အဖေ မသေခင်မှာ သူ့ကို ခွင့်ရက်ရှည်နဲ့ အနားယူခွင့်ပေးထားတယ်၊ အဲဒါကြောင့် သူက ခြံအလုပ် လုပ်ကိုင်နေတာပေါ့၊ မနေ့က မြက်ရှင်းဖို့ဆိုပြီး ခြံတက်သွားတယ်၊ ဒီမနက်ရောက်တော့ သူတို့အမေ ဖုန်းဆက်လာတယ်၊ ပလွယ်တစ်ယောက် အပစ်ခံလိုက်ရတယ်လို့ အကြောင်းကြားလာမှ သိရတယ်” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။
ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့သည့် နိုင်ပလွယ်စိုက်ကို လူမှုကူညီကယ်ဆယ်ရေးအသင်း အကူအညီဖြင့် မော်လမြိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူနေရကြောင်း သိရသည်။