Monday, March 9, 2026
More
    spot_img
    Homeသတင်းဓါတ်လိုက်သေသည့်သား အသုဘလာသည့်ဖခင် ယာဉ်မတော်တဆမှုဖြစ်ပြီး သေဆုံး

    ဓါတ်လိုက်သေသည့်သား အသုဘလာသည့်ဖခင် ယာဉ်မတော်တဆမှုဖြစ်ပြီး သေဆုံး

    -

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ဓါတ်လိုက်သေဆုံးသွားသည့် သားဖြစ်သူ အသုဘကို လာသည့် ဖခင်က လမ်းတွင် ယာဥ်မတော်တဆမှုဖြစ်ပြီး သေဆုံးသွားခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

    ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်နေ့ မော်လမြိုင်မြို့၊ အောက်ကျင်းရပ်ကွက်၊ မြို့ရှောင်လမ်းရှိ ဆင်ဖြူပရိယတ္တိစာသင်တိုက်တွင် ပန်းရံလုပ်နေသည့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့မှ အသက် ၁၉ နှစ်အရွယ် မောင်စောမောင်သိန်းသည် လျှပ်စစ်မီးကြိုး တတ်နင်းမိရာမှ ဓါတ်လိုက် သေဆုံးသွားခဲ့သည်။

    ဓါတ်လိုက်သေဆုံးသည့် မောင်စောမောင်သိန်း အသုဘပို့ရန် မိသားစုဝင်များ ရခိုင်ပြည်နယ်မှ မော်လမြိုင်သို့ ထွက်လာစဥ် ဇွန်လ ၂၅ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်ခန့်တွင် နေပြည်တော်-မြို့သစ်-ကန်ပြားကားလမ်း၊ မြို့သစ်မြို့နယ်၊ ဇီးလုံးကျေးရွာရှိ  ဖိုးလပြည့် ထမင်းဆိုင်အနီးတွင် ယာဥ်တိုက်မှုဖြစ်ပွားခဲ့သည်။

    ယာဥ်တိုက်မှုကြောင့် ကားခေါင်းခန်းတွင် စီးနင်းလိုက်ပါလာသည့် မောင်စောမောင်သိန်း၏ဖခင် ဦးအထွန်းသည် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားခဲ့ပြီး ကျန်မိသားစုဝင် ၄ ဦးမှာလည်း  ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

    “မော်လမြိုင်မြို့မှာ အလုပ်လုပ်ရင်းနဲ့ သေဆုံးသွား‌သူက ရခိုင်ပြည်နယ် မင်းပြားမြို့ကလို့ မိသားစုဝင်တွေထံက သိရတယ်။ အသုဘပို့ဖို့ မော်လမြိုင်ကိုသွားရင်းနဲ့ အခုလို ယာဉ်တိုက်မှုဖြစ်ပြီး ဖခင်ဖြစ်သူသေဆုံးခဲ့တာ” ဟု ၎င်းက ဆိုသည်။

    သေဆုံးသွားသည့် ဦးအထွန်း၏ ရုပ်အလောင်းနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများကို မြို့သစ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

    မောင်စောမောင်သိန်း၏ ရုပ်အလောင်းကို ကျိုက်မရောမြို့နယ်၊ ပိန္နဲကုန်းကျေးရွာရှိ မြန်မာသုဿာန်တွင် ဇွန်လ ၂၆ ရက်နေ့က မီးသင်္ဂြုဟ်ခဲ့ပြီး၊ ဖခင်ဖြစ်သူ ဦးအထွန်း၏ ရုပ်အလောင်းကို ဇွန်လ ၂၇ ရက်နေ့တွင် သင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks