spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ်၊ ဒူးယားကျေးရွာတွင် ရာအိမ်မှူးတစ်ဦး ပစ်ခတ်ခံရ

    ရေးမြို့နယ်၊ ဒူးယားကျေးရွာတွင် ရာအိမ်မှူးတစ်ဦး ပစ်ခတ်ခံရ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဒူယားကျေးရွာအုပ်စု မြို့ဟောင်းကုန်းရပ်ကွက်ရှိ သုသာန်အနီးတွင် ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံရပြီး အမျိုးသမီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

    ဇွန်လ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်က ဒူးယားကျေးရွာ မြို့ဟောင်းကုန်းရပ်ကွက်နေ အသက် ၆၄ နှစ်အရွယ် ရာအိမ်မှူး ဦးစိုးအောင်ဆိုသူသည် နာရေးပို့ဆောင်ပြီးအပြန် လမ်းတွင် သေနတ်သမား ၂ ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။

    သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးစိုးအောင်သည် လည်းပင်ကျည်ဖောက်ဝင်ဒဏ်ရာ၊ ရင်အုံကျည်ဖောက်ဝင်ဒဏ်ရာရရှိကာ အခင်းဖြစ်ပွားရာနေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ဦးစိုးအောင် ပစ်ခတ်ခံရမှုဖြစ်စဥ်အတွင်း အစင်ကျေးရွာ၊ ဓမင်းဆိပ်ရပ်ကွက်မှ မဇင်မာနွယ်ဆိုသည့် အမျိုးသမီးတစ်ဦးလည်း ဝဲဘက်ဒူးကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်ရရှိခဲ့သည်ဟုလည်း ဆိုသည်။  

    ထိုပစ်ခတ်မှုဖြစ်စဥ်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားများ ရောက်ရှိလာပြီး ဒူးယားကျေးရွာအဝင် အထွက်လမ်းများကို ပိတ်ဆို့ကာ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

    “အဲ့ကိစ္စဖြစ်ပြီး ၁ နာရီလောက်အကြာမှာပဲ စစ်သားတွေက ဒူးယားရွာဘက် ဝင်လာပြီး ရွာအဝင်အထွက်လမ်းတွေမှာ စစ်ဆေးတာ ခြံက ပြန်လာတဲ့လူတွေကိုလည်း စစ်ဆေးတယ်။ ရွာကလူတွေက အပြင်မထွက်ရဲ ရေး လည်းမသွားရဲ” ဟု‌ ဒူးယားဒေသခံတစ်ဉီးက ပြောသည်။

    ဉီးစိုးအောင်၏ ရုပ်အလောင်းနှင့် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည့် မဇင်မာနွယ်ကို လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့က ရေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

    ရာအိမ်မှူး ဦးစိုးအောင်သည် အရပ်သားများအပေါ် မတရားဆက်ဆံခြင်း၊ ခြိမ်းခြောက်ပြီး ငွေကြေးတောင်းခံခြင်းများ ပြုလုပ်နေသူတစ်ဦးဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

    ရေးဘီလူးအဖွဲ့ကလည်း အစင်၊ ကျားတန်း၊ ဇီဖြူသောင်၊ ဓမင်ဆိပ်၊ ပင်လယ်ဝ၊ ဆိတ်ကလေး၊ အာဘော်၊ ဒူးယားကျေးရွာတဝိုက်တွင် ဗိုလ်ကျ အနိုင်ကျင့် ငွေတောင်းနေသည့် ပျူခေါင်းဆောင် ဦးစိုးအောင်ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

    ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့ကလည်း ရေးမြို့နယ်၊ လမိုင်းမြို့က လဝကဝန်ထမ်း ဒေါ်ခင်စန်းကြွယ်ဆိုသည့်အမျိုးသမီးကို ရေးဘီလူးအဖွဲ့က ပစ်သတ်ခဲ့သေးသည်။

    ရေးဘီလူးအဖွဲ့သည် ရေးမြို့နယ်အတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများ ပြည်သူ့စစ်အဖွဲ့ဝင်များ၊ စစ်ကောင်စီသတင်း ဒလန်ဆိုပြီး စွပ်စွဲခံရသူများကို မကြာခဏပစ်ခတ်ရှင်းလင်းလေ့ရှိသည်။

    ၎င်းပြင် ရေးမြို့နယ်အတွင်းက စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးများ၊ တပ်စခန်း၊ ရဲစခန်းများကိုလည်း  မကြာခနဝင်ရောက်ပစ်ခတ်တိုက်ခိုက်လေ့ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks