spot_img
Sunday, February 15, 2026
More
    spot_img
    Homeသတင်းကျိုက်ထိုမြို့နယ် စီမံအုပ်ချုပ်‌ရေးကောင်စီအဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရ

    ကျိုက်ထိုမြို့နယ် စီမံအုပ်ချုပ်‌ရေးကောင်စီအဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရ

    -

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရဲနိုင်အောင် ဇွန်လ ၂၂ ရက်နေ့ ညက ပစ်သတ်ခံရကြောင်း မြို့ခံတို့ထံမှ သိရသည်။

    ယမန်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်အချိန်ခန့်က ကျိုက်ထိုမြို့၊ တောင်သူစုရပ်ကွက်နေ အသက် ၄၄ နှစ်အရွယ် ဦးရဲနိုင်အောင်သည် ဆိုင်ကယ်ဖြင့် ကျိုက်ပိကျေးရွာသို့ အသွား ကျိုက်ပိကျေးရွာ၊ ကျိုက်ပိတောရကျောင်းရှေ့အရောက်တွင် အမည်မသိ သေနတ်သမား နှစ်ဦးတို့က ဆိုင်ကယ်ဖြင့် နောက်မှလိုက်လာပြီး သေနတ်ဖြင့် ၉ ချက်ခန့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

    သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင်း ဦးရဲနိုင်အောင်သည် ရင်ညွန့်ကျည် ဖောက်ဝင် ဒဏ်ရာ နှစ်ချက်၊ ယာလည်ပင်း ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ ယာပါး ကျည်ဖောက် ဝင်ဒဏ်ရာ တစ်ချက်၊ လည်ပင်းအောက် ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်နှင့် ဝဲနားထင် ကျည်ဖောက် ဝင်ဒဏ်ရာ တစ်ချက်တို့ဖြင့် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားခဲ့‌သည်။

    သေနတ်သမားတို့က ဦးရဲနိုင်အောင်ကို ပစ်ခတ်ပြီးနောက် ကြာဖြူကျေးရွာဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။

    ဦးရဲနိုင်အောင် ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တို့က လမ်းများပိတ်ဆို့ပြီး ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်ဟုလည်း မြို့ခံတို့ထံမှ သိရသည်။

    ဦးရဲနိုင်အောင်သည် အပြစ်မဲ့ပြည်သူများကို ပုဒ်မအမျိုးမျိုးတပ်ကာ ဖမ်းဆီးခြိမ်းခြောက် ငွေညှစ်နေသည့်အတွက် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) က ထုတ်ပြန်ထားသည်။

    အဆိုပါ ထုတ်ပြန်ပြောဆိုချက်နှင့် ပတ်သက်ပြီး လွတ်လပ်သောမွန်သတင်းအေဂျင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

    သေဆုံးသူ ဦးရဲနိုင်အောင်၏ ရုပ်အလောင်းကို လူမှုကူညီကယ်ဆယ်ရေးအသင်းယာဉ်ဖြင့် ကျိုက်ထိုပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

    ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်များ ဌာနဆိုင်ရာဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများနှင့် နိုင်ငံရေးပါတီဝင်များ သတ်ဖြတ်ခံရသည့်ဖြစ်စဥ် မကြာခဏဖြစ်ပွားနေသည့်အပြင် အရပ်သားသတ်ဖြတ်ခံရသည့်ဖြစ်စဥ်များ ဆက်တိုက်ဖြစ်ပွားနေသည်ဟု မြို့ခံတို့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks