Tuesday, March 10, 2026
More
    spot_img
    Homeသတင်းကျိုက်မရော NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးနေအိမ် ချိတ်ပိတ်ခံရ

    ကျိုက်မရော NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးနေအိမ် ချိတ်ပိတ်ခံရ

    -

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းက အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ်ပါတီ (NLD) လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ခင်မျိုးမြင့်၏ နေအိမ်ကို စစ်ကောင်စီက ချိတ်ပိတ်လိုက်ကြောင်း သိရသည်။

    ကျိုက်မရောမြို့၊ ရှင်စောပုရပ်ကွက် ၃၊ ဗညားနွဲ့လမ်းရှိ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ခင်မျိုးမြင့်နေအိမ်ကို စစ်ကောင်စီလက်အောက်ခံအဖွဲ့တို့က ဇွန်လ ၂၀ ရက်နေ့ ညနေပိုင်းက လာရောက်ချိတ်ပိတ်သွားခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

    စစ်တပ်အာဏာသိမ်းပြီးနောက် ဒေါ်ခင်မျိုးမြင့်သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခံထားရပြီး ထွက်ပြေးတိမ်းရှောင်နေရသူဖြစ်သည်။

    “အဲအိမ်မှာက လူမနေနေတာကြာပြီ။ မနေ့ (ဇွန် ၂၀ ရက်နေ့) က ညနေပိုင်းမှာ လာချိတ်ပိတ်သွားတယ်” ဟု ရပ်ကွက်နေသူတစ်ဦးက ပြောသည်။

    ဒေါ်ခင်မျိုးမြင့်သည် ၂၀၁၅ ရွှေးကောက်ပွဲတုန်းက ကျိုက်မရောမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) နေရာတွင် NLD ပါတီ ကိုယ်စားပြုအနေဖြင့် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သလို ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း အနိုင်ရရှိထားသည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။

    စစ်တပ်အာဏာသိမ်းပြီးနောက် ပေါင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဇော်ဇော်ထူး၊ မုဒုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ခင်ကျော့ဖြူ၊ သထုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်ကျော်သူ၊ ဘီးလင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်သီရိရတနာတို့အပြင် ပါတီခေါင်းဆောင်များ၊ ပါတီဝင်များ၊ ပါတီထောက်ခံသူများ နေအိမ်ကို စစ်ကောင်စီက ဆက်တိုက်ချိတ်ပိတ်ခဲ့သည်။

    မွန်ပြည်နယ်အတွင်းရှိ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်းအများစုသည် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ခံထားရပြီး အများစုကလည်း တိမ်းရှောင်နေကြရသည်။

    စစ်တပ်အာဏာသိမ်းထားသည့် နှစ်နှစ်ကျော်ကာလအတွင်း မွန်ပြည်နယ်အပါအဝင် တနိုင်ငံလုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD လွှတ်တော်ကိုယ်စားလှယ်များအပါအဝင် ပါတီဝင်များ၊ အရပ်သားပြည်သူများ စုစုပေါင်း ၆၂၅ ဦး၏ နေအိမ်နှင့် ပိုင်ဆိုင်မှုများကို စစ်ကောင်စီက ချိတ်ပိတ်သိမ်းဆည်းခဲ့ကြောင်း NLD က ဇွန်လ ၁၃ ရက်နေ့က ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks