လူထုခေါင်းဆောင်ဟု သတ်မှတ်ခံထားရသူဖြစ်သလို အနိုင်ရပါတီခေါင်းဆောင်လည်းဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့အရေးပြဿနာများကို ဖြေရှင်းရာတွင် ချန်ထား၍မရသည့် အရေးပါဆုံးသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်မြောက် မွေးနေ့ရက်တွင် NLD က ထုတ်ပြန်လိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်သူများ လိုလားတောင့်တနေသည့် ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးပန်းတိုင်သို့ ရောက်ရှိရေး ကြိုးပမ်းအားထုတ်ရာတွင် နိုင်ငံရေးနည်းလမ်းကိုသာ တစိုက်မတ်မတ် စွဲကိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
သို့ဖြစ်ပါ၍ စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် မြန်မာ့နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာတွင် ဒေါ်အောန်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှု မပါဝင်ဘဲ ပြေလည်ရေး လမ်းစ ရရှိနိုင်မည်မဟုတ်ဟု ယုံကြည်ထားကြောင်း ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။
ထိုကြောင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီး ထိန်းသိမ်း ခံထားရသော နိုင်ငံရေးအကျဥ်းသားများအားလုံး ခြွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်နိုင်ရေးအတွက် မိတ်ဆွေနိုင်ငံများနှင့်အတူ ပြည်တွင်း၊ ပြည်ပ မိတ်ဖက်အင်အားစုများအားလုံးနှင့် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်ထားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အားလုံးရဲ့ ၈၂ ရာခိုင်နှုန်းကျော်ဖြင့် အနိုင်ရခဲ့သည်။
ယနေ့ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၈ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လူထုလှုပ်ရှားမှုနှင့် ပန်းသပိတ်လှုပ်ရှားမှုများကို ပြည်တွင်း၊ ပြည်ပ နေရာအများအပြားတွင် ကျင်းပခဲ့ကြသည်။