spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းလက်ရှိမြန်မာအရေးပြဿနာကို နိုင်ငံရေးအရ ပြေလည်ကြဖို့မလွယ်ကးသေးဟု NMSP ဥက္ကဌ နိုင်ဟံသာ ပြော

    လက်ရှိမြန်မာအရေးပြဿနာကို နိုင်ငံရေးအရ ပြေလည်ကြဖို့မလွယ်ကးသေးဟု NMSP ဥက္ကဌ နိုင်ဟံသာ ပြော

    -

    လက်ရှိ ဖြစ်ပွားနေသည့် မြန်မာပြည်တွင်းအရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းအရ ပြေလည်ကြဖို့ မလွယ်ကူသေးဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီနှင့် တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် မွန်ပြည်သစ်ပါတီ (NMSP) ဥက္ကဌ နိုင်ဟံသာက ပြောသည်။

    စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ပေါ်ပေါက်လာသည့် လက်ရှိမြန်မာနိုင်ငံ အထွေအထွေအကျပ်အတည်း ပြဿနာများကို နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းနိုင်ကြရင် အကောင်းဆုံးနည်းလမ်းဖြစ်သော်လည်း နိုင်ငံတော် အာဏာရယူထားသည့် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်အပေါ်တွင်လည်း အများကြီးမူတည်နေကြောင်း ဥက္ကဌ နိုင်ဟံသာက သုံးသပ်ပြောဆိုလိုက်သည်။

    “လက်ရှိမြန်မာ့အရေးအခြေအနေကို နိုင်ငံရေးအရ ပြေလည်ကြဖို့က သိပ်တော့မလွယ်သေးဘူး။ အာဏာရယူ ထားတဲ့ မင်းအောင်လှိုင်အပေါ်မှာ အများကြီးမူတည်မယ်လို့ မြင်တယ်၊ ပြောရမယ်ဆိုရင် သူ့အတွက်က ထွက်ပေါက်မရှိတော့ဘူး၊ အခုဆို ဘယ်နိုင်ငံကိုမှ သူသွားလို့မရတော့ဘူး။ သူ့အခြေအနေကလည်း သိပ်ကို ကျပ်တည်းနေပြီဆိုတော့ သူဘယ်လိုဆုတ်မလဲဆိုတာ မသိဘူး၊ NUG နဲ့ ညှိမလား၊ အောင်ဆန်းစုကြည်နဲ့ ညှိမလားပေါ့။ ဒါပေမယ့် အဲဒီလိုတော်လှန်ရေးအဖွဲ့တွေ သူ့ကိုလက်ခံဆွေးနွေးနိုင်ဖို့ဆိုရင် စစ်တပ်အနေနဲ့ နိုင်ငံရေးပါဝင်နေမှုကနေ နှုတ်ထွက်ပေးဖို့တော့ လိုတယ်၊ ဒါကို စစ်တပ်ဘက်က လက်ခံမယ်ဆိုရင် ဒီတိုင်းပြည် အေးချမ်းသွားမယ်၊ အဲဒီလိုမဟုတ်ဘဲ သူ (မင်းအောင်လှိုင်) အနေနဲ့ နိုင်ငံအာဏာကို အသေဆုပ်ကိုင် ထားမယ်ဆိုရင် စေ့စပ်ညှိနှိုင်းမှု ဖြစ်လာဖို့က မလွယ်ဘူး” ဟု ဥက္ကဌ နိုင်ဟံသာက ပြောသည်။

    မွန်ပြည်သစ်ပါတီအနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းသွားရန်ဆိုသည့် အမြင်ကို ဆုပ်ကိုင်ထားရှိပြီး အာဏာသိမ်း မြန်မာစစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးမှုများ ၅ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

    စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးမှုများတွင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းရန်၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဒီမိုကရေစီအင်အားစုများ ပါဝင်သည့် ကျယ်ပြန့်သည့် နိုင်ငံရေးဆွေးနွေး ပွဲတရပ် ကျင်းပရန်ဆိုသည့် အချက်များကိုလည်း မွန်ပြည်သစ်ပါတီက တင်ပြတောင်းဆိုခဲ့သည်ဟု သတင်းမှတ်တမ်းများအရ သိရသည်။

    မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ဟံသာကတော့ “ဒီစစ်တပ်ဟာ သူတို့ရဲ့  ၂၀၀၈ ဖွဲ့စည်းပုံကိုပဲ အတည်ယူထားတယ်၊ ကျွန်တော်တို့ သွားရောက်တွေ့ဆုံတဲ့ အကြိမ်တိုင်းမှာလည်း ၂၀၀၈ ဖွဲစည်းပုံအတိုင်းပဲ သူတို့အမြဲရပ်တည်တယ်။ ဆိုတော့ ပြောဆိုဆွေးနွေးလို့မရဘူး၊ ထူးမှာလည်း မဟုတ်ဘူး။ ဒါကြောင့် တွေ့ဆုံဆွေးနွေးရေးကို ကျွန်တော်တို့ လျှော့ချလိုက်တယ်၊ ဒါပေမယ့် နှစ်ဖက်ပစ်ခတ်မှုတွေ မဖြစ်အောင်တော့ ထိန်းထားတယ်” ဟု ပြောသည်။

    တစ်ဖက်တွင်လည်း ပြောင်းလဲလာသည့် နိုင်ငံရေးအခင်းအကျင်းကြောင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (EAOs) တို့ဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဥ် ဦးဆောင်အဖွဲ့ (Peace Process Steering Team – PPST) မှ ပါဝင်မှုအဆင့်ကို မွန်ပြည်သစ်ပါတီက လျှော့ချထားကြောင်းလည်း သိရသည်။

    ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် မြန်မာစစ်တပ်မှ အာဏာသိမ်းလိုက်ပြီးနောက် ဆန့်ကျင်ဆန္ဒပြမှုနှင့်အတူ လက်နက်ကိုင် တော်လှန်ရေး လှုပ်ရှားမှုများ ပိုမိုကျယ်ပြန့်လာခဲ့သည်။

    လက်ရှိတွင် မြန်မာစစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအချို့၊ ပြည်သူ့ကာကွယ်ရေးတပ်၊ ဒေသကာကွယ်ရေးတပ် (PDF) တို့အကြား ကရင်၊ ကယား၊ ချင်း၊ မကွေး၊ စစ်ကိုင်စသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် လက်နက်ကိုင်တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။

    အဆိုပါ လက်နက်ကိုင်ပဋိပက္ခများကြောင့် ယနေ့အချိန်ထိ လူပေါင်း ၁ ဒဿမ ၇ ခန့် အိုးအိမ်စွန့်ခွါ ထွက်ပြေးနေကြရပြီး လူပေါင်း ၁၇ သန်းခန့်ဟာ အရေးပေါ်အကူးအညီတွေ လိုအပ်နေတယ်လို့လည်း သတင်းအချက်အလက်များက ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks