Homeသတင်းမွန်ဒုက္ခသည်များ စားဝတ်နေရေး ပိုမိုကြပ်တည်းလာ

မွန်ဒုက္ခသည်များ စားဝတ်နေရေး ပိုမိုကြပ်တည်းလာ

-

မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေနှင့် ဆက်စပ်သည့် ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ မွန်ပြည်တွင်း နေရပ်စွန့်ခွာတိမ်းရှောင်နေရသူ (IDP) များ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စားဝတ်နေရေး ပိုမိုကြပ်တည်းလာကြောင်း သိရသည်။

နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် IDP ဒုက္ခသည်များအတွက် အထောက်အပံ့များ တစ်နှစ်ထက်တစ်နှစ် လျော့နည်းလာသည့်အပြင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်စျေးနှုန်းမြင့်တက်လာခြင်းနှင့် စစ်ရေးပဋိပက္ခများကြောင့် သွားလာရေးအတွက် အခက်အခဲရင်ဆိုင်ကြုံတွေ့နေရသည်ဟု ဆိုသည်။

“ရွာခံလူအများစုက အလုပ်အကိုင်မရှိဘူးလေ။ စိုက်ပျိုးရေး နည်းနည်းပါးပါး လုပ်လိုက် စုဆောင်းလိုက် ဝယ်လိုက်ဆိုတော့ မလောက်ငှဘူး။ ဒေသခံရွာသားတွေက ဒီလိုမျိုးခက်ခဲနေတာကလည်း နှစ်ပေါင်းရှည်ကြာနေပါပြီး။ အထောက်အပံ့တွေလည်း ရပ်နားလိုက်ကြတော့ အခက်အခဲပိုများလာတယ်” ဟု ဗလဲ့ဒွန်ဖိုက် ဒုက္ခသည်စခန်းမှ ကိုမြိုင်က ပြောသည်။

စားဝတ်နေရေး ပိုမိုကြပ်တည်းလာသည့်အတွက် အများစုက နိုင်ငံခြားထွက် အလုပ်လုပ်ကြကြောင်း လက်ရှိတွင် စခန်းအတွင်း၌ သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါသည်များနှင့် ကလေးများသာ ကျန်ရှိတော့သည့် အခြေအနေ ရှိနေပြီး အလှူရှင်များကိုသာ အားကိုးနေရကြောင်း မွန်ဒုက္ခသည် အမျိုးသမီးတစ်ဦးက ပြောသည်။

“ဒီရွာမှာက အလုပ်မှမရှိတာ စားဖို့ ထောက်ပံ့ပေးရင်တော့ ကောင်းတာပေါ့။ ကျွန်မတို့ရွာက ဟိုဘက်လည်း မရောက် ဒီဘက်လည်းမရောက်ဆိုတော့လေ ကြားနှစ်ကြားမှာဖြစ်နေတယ် သွားလာရေးကလည်း အရမ်းခက်ခဲတာ မိုးတွင်းဆို ဘယ်ဘက်မှကို သွားလို့မရတာ” ဟု ၎င်းက ဆိုသည်။

အခက်အခဲများကြောင့် ကလေးများလည်း ပညာရေးဆုံးခန်းတိုင်သည်အထိ မသင်ကြားနိုင်ကြောင်း ၎င်းအမျိုးသမီးက ဆက်ပြောသည်။

လွန်ခဲ့သည့် ၁၉၉၂-၉၃ ခုနှစ်ကတည်းက ပြည်တွင်း စစ်ရေးပဋိပက္ခနှင့် လူ့အခွင့်အရေးချိုးဖောက်များကြောင့် မွန်ပြည်နယ် ဒေသအသီးသီးက ပြည်သူများ နေရပ်စွန့်ခွာပြီး မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေဒေသသို့ ထွက်ပြေး တိမ်းရှောင်လာခဲ့ကြသည်။

ထိုနေရပ်စွန့်ခွာတိမ်းရှောင်လာသူများအတွက် မွန်ပြည်နယ်သစ်ပါတီထိန်းချုပ်နယ်မြေနှင့် ဆက်စပ်သည့် ထိုင်း-မြန်မာနယ်စပ်တလျှောက် ခလောက်ခနီ၊ ဗလဲ့ဒွန်ဖိုက်၊ ချဲတိုက်နှင့် ရေးချောင်းဖျားဒေသ၊ ထားဝယ်ချောင်းဖျားဒေသတို့တွင် ဒုက္ခသည်စခန်းများ စတင်တည်ထောင်ခဲ့ကြသည်။

ခလောက်ခနီ၊ ဗလဲ့ဒွန်ဖိုက်၊ ချဲတိုက်၊ ရေးချောင်းဖျားဒေသနှင့် ထားဝယ်ချောင်းဖျားဒေသရှိ ဒုက္ခသည်စခန်းတို့တွင် ပြည်တွင်းနေရပ်စွန့်ခွာ တိမ်းရှောင်နေရသူ ၃၅၀၀၀ ကျော်ရှိနေသည်ဟု သိရသည်။ မွန်ဒုက္ခသည်များသည် ဒုက္ခသည်စခန်းတွင် နေထိုင်လာခဲ့သည်မှာ နှစ်ပေါင်း ၃၀ ကျော် ကြာမြင့်လာခဲ့သော်လည်း ၎င်းတို့အတွက် ရေရှည်ရပ်တည်နိုင်ရေးအပြင် နေရပ်ပြန်ရေးအတွက်လည်း မသေချာ မရေမရာ နေသည့်အခြေအနေရှိနေသည်။

၁၉၉၅ ခုနှစ်တွင် မြန်မာနိုင်ငံဘက်ခြမ်းသို့ ရွေ့ ထုတ်ခြင်းခံရသည့် ဗလဲ့ဒွန်းဖိုင်မွန်ဒုက္ခသည်ရွာ

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts