Wednesday, March 11, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ်အတွင်း ကျောင်းပြောင်းသည့် ကျောင်းသား/သူ များဆဲ

    ရေးမြို့နယ်အတွင်း ကျောင်းပြောင်းသည့် ကျောင်းသား/သူ များဆဲ

    -

    စစ်အုပ်ချုပ်ရေးကြေညာခံထားရပြီး ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသည့် ရေးမြို့နယ်အတွင်း ယခု ပညာသင်နှစ်တွင်လည်း ကျောင်းပြောင်းသည့် ကျောင်းသား ကျောင်းသူ များပြားဆဲဟု ကျောင်းသားမိဘတို့ထံမှ စုံစမ်းသိရသည်။

    စစ်တပ်အာဏာသိမ်းပြီးနောက် ဒေသတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် လုံခြုံရေး စိုးရိမ်သည့် ကျောင်းသားမိဘအများစုက ၎င်းတို့သားသမီးများကို အခြားဒေသသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်လာခဲ့ကြသည်။

    “အမသမီးကိုကျတော့ မနှစ်ကတည်းက မော်လမြိုင်မှာ ထားထားတာဆိုတော့ ဒီနှစ်လည်း အဲဒီမှာပဲ ဆက်ထားတယ်။ မနှစ်က စာသင်နှစ်လယ်လောက်မှာ လဝကရုံးပစ်ခတ်မှုဖြစ်ပြီးကတည်းက အားလုံးက လန့်နေကြတာလေ။ အဲ့နောက်ပိုင်း တတ်နိုင်တဲ့မိဘတွေက အများကြီးပေးပြောင်းလိုက်တယ်” ဟု ရေးမြို့က ကျောင်းသားမိဘတစ်ဦးက ပြောသည်။

    ကျောင်းသားမိဘများအနေဖြင့် စစ်အာဏာရှင်စနစ်ကို မလိုလားကြသော်လည်း ကလေးများ၏ပညာရေး နစ်နာဆုံးရှုံးမည်ကို စိုးရိမ်သည့်အတွက် ယခုပညာသင်နှစ်တွင် ကျောင်းပြန်တက်သူများလာကြောင်းလည်း ၎င်းကျောင်းသားမိဘက ဆိုသည်။

    ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ရေးမြို့နယ်တစ်ခုတည်းကမဟုတ်ဘဲ၊ ကျိုက်မရော၊ သံဖြူဇရပ်မြို့နယ်ဘက်က ပြောင်းရွှေ့လာသည့် ကျောင်းသား ကျောင်းသူ များပြားကြောင်း မော်လမြိုင်မြို့ပေါ်က ဘော်ဒါဆောင်တစ်ခုမှ ဆရာတစ်ဦးက ပြောသည်။

    “ချုံပြီးပြောရမယ်ဆိုရင် ဘော်ဒါဆောင် ပို့တာတွေ များလာတယ်ပေါ့။ ငွေအကုန်ကျခံနိုင်တဲ့မိဘတွေအများစုကတော့ မြို့ပေါ်ဘော်ဒါဆောင်တွေမှာပဲထားကြတာ။ ရေးတစ်ခုတင်တော့မဟုတ်ဘူး သံဖြူဇရပ်ဘက်ကလည်း လာထားတယ်။ အရေအတွက်က အရင်နှစ်တွေထက်ပိုများတယ်ပေါ့” ဟု ၎င်း ဘော်ဒါဆောင်ကျောင်းဆရာက ပြောသည်။

    ရေးမြို့နယ်တွင် ပြီးခဲ့သည့် စာသင်နှစ်အတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့မှ စစ်ကောင်စီထောက်တိုင်များကို ရှင်းလည်းမည်ဟု ထုတ်ပြန်ထားခြင်း၊ ကျောင်းရှေ့တွင် ပစ်ခတ်မှုဖြစ်ပွားခြင်း၊ ကျောင်းဝင်းအတွင်း မိုင်းပေါက်ကွဲခြင်း၊ ကျောင်းမီးလောင်ခြင်း စသည့်ဖြစ်စဥ်များဖြစ်ပွားခဲ့သည်။

    ပြည်နယ်ပညာရေးမှူးရုံးရှိစာရင်းအရ ပြီးခဲ့သည့် ပညာသင်နှစ်က ရေးမြို့နယ်အတွင်း ကျောင်းအပ်နှံသူ ၂၉,၀၀၀ ဦးဝန်းကျင်သာ ရှိခဲ့ပြီး ယခုနှစ်တွင် ကျောင်းအပ်သူ ၃၄,၉၉၂ ဦး ရှိသည်။

    မွန်ပြည်နယ်အတွင်း အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများအပြင် ဘုန်းတော်ကြီးပညာသင်ကျောင်း၊ ကိုယ်ပိုင်ကျောင်း အစရှိသည့် ကျောင်းပေါင်း ၁၅၀၀ ခန့်ရှိသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks