မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အစပ်ရှိ ဒုံသမိချောင်းတံတားတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA, ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး ခရီးသွားပြည်သူ ၃ ဦး သေဆုံးကြောင်း သိရသည်။
ဇွန်လ ၁ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်အချိန်ခန့်က ဒုံသမိချောင်းတံတားရှိ စစ်ဆေးရေးဂိတ်နှင့် လုံခြုံရေးဘန်ကာများကို KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည့်အပြင် ကားမိုင်းထောင်ပြီးလည်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ဒုံသမိချောင်းတံတားမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ ခရီးသွားပြည်သူ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားနှစ်ဦး သေဆုံးတယ်လို့ သိရတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်ကလည်း ထိခိုက်သေဆုံးတာတွေရှိတယ်။ သထုံမြို့ နဲ့ ဒူးရင်းဆိပ်ရွာကြား လူနာတင်ယာဉ်တွေ အများကြီးသွားလာနေတာမျိုးတွေ့ရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ဒုံသမိချောင်းတံတားတိုက်ပွဲအတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်ခြံစည်းရုံး မီးလောင်ပျက်ဆီးမှုရှိခဲ့သည့်အပြင် ဒူးရင်းဆိပ်ကျေးရွာ၊ ကျေးလက်ဆေးပေးခန်းလည်း ထိခိုက်ပျက်ဆီးမှုများရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဒုံသမိချောင်းတံတားတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးကာ ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စစ်ကောင်စီနှင့် နီးစပ်သူများ၏ ပြောကြားချက်များအရ သိရသည်။
ဒုံသမိချောင်းတံတားတိုက်ပွဲကြောင့် သထုံ-ဘားအံကားလမ်း ၃ နာရီကျော်ကြာ ပိတ်ဆို့ခဲ့ရပြီးနောက် နံနက် ၉ နာရီအချိန်ခန့်မှသာ လမ်းပြန်ပွင့်သွားကြောင်း ဒေသခံများနှင့် ခရီးသွားပြည်သူတို့ထံမှ သိရသည်။