ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲပူးပေါင်းအကောင်အထည်ဖော်နိုင်ရေး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ယုံကြည်မှုတည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များအတွက် စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့တို့က ဇွန်လ ၁ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့တို့သည် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းလားမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး စစ်ကောင်စီ၏ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီမှ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ လုပ်ငန်းကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (အငြိမ်းစား)၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းမြတ်ရွှေနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ထို့အတူ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်သည့် မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ (MNTJP/ MNDAA)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်ဟု ဖော်ပြထားသည်။
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲပူးပေါင်း အကောင်အထည်ဖော်နိုင်ရေး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ယုံကြည်မှု တည်ဆောက်ရေးဆိုင်ရာကိစ္စများကို ဆွေးနွေးခဲ့သည်ဟု ဆိုသည်။
ယင်းအပြင် ဖမ်းဆီးထားသူများ ပြန်လည်လွတ်မြောက်ရေးကိစ္စ၊ မတရားအသင်းမှ ပယ်ဖျက်ရေးကိစ္စ၊ မိုခါမုန်တိုင်းသင့်ပြည်သူများထံ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကူအညီများ ရောက်ရှိနိုင်ရေးကိစ္စများလည်း ဆွေးနွေးခဲ့သည်ဟု ထုတ်ပြန်ထားသည်။ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့သည် ဇွန်လ ၂ ရက်နေ့တွင်လည်း ဆက်လက်တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။