spot_img
Thursday, January 8, 2026
More
    spot_img
    Homeသတင်းရေးမြောက်ပိုင်း တိုက်ပွဲအတွင်း စစ်တပ်ဘက်က ၃၀ ဦးခန့်သေဆုံးဟု ကျားဖြူစစ်ကြောင်း ထုတ်ပြန်

    ရေးမြောက်ပိုင်း တိုက်ပွဲအတွင်း စစ်တပ်ဘက်က ၃၀ ဦးခန့်သေဆုံးဟု ကျားဖြူစစ်ကြောင်း ထုတ်ပြန်

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ် မြောက်ပိုင်း ဝါပသဲကျေးရွာအနီးဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၃၀ ကျော် သေဆုံးဟု ကျားဖြူစစ်ကြောင်းဘက်က ထုတ်ပြန်ထားသည်။

    ရေးမြောက်ပိုင်း ဝါပသဲကျေးရွာအနီး စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ကျားဖြူစစ်ကြောင်း တပ်ခွဲ ( ၁ )၊ တပ်ခွဲ (၆) တပ်ဖွဲ့ဝင်များ မေလ ၁၉ ရက်နေ့  ညနေ ၃ နာရီဝန်းကျင်အချိန်က ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ 

    ထိတွေ့ပစ်ခတ်မှု ၁ နာရီခွဲဝန်းကျင်ခန့်ကြာမြင့်ပြီး စစ်ကောင်စီတပ်ဘက်က ခန့်မှန်း ၁၉ ဦး သေဆုံးသည်ဟု ကျားဖြူစစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ၎င်းပြင် မေလ ၂၀ ရက်နေ့ နံနက် ၈ နာရီခွဲဝန်းကျင်အချိန်ခန့်က ဆုတ်ခွာမည့် စစ်ကောင်စီတပ်စစ်ကြောင်းကို လိုက်လံပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ အင်အား အလုံးအရင်းဖြင့် စစ်ကူများရောက်ရှိလာပြီး နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

    ထိုထိတွေ့ပစ်ခတ်မှုသည် ၃ နာရီခွဲဝန်းကျင်ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၁ ဦးခန့် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူလည်း အများအပြားရှိသည်ဟု ဖော်ပြထားသည်။

    အဆိုပါ ထိတွေ့တိုက်ပွဲ ၂ ကြိမ်အတွင်း ကျားဖြူစစ်ကြောင်းဘက်က တပ်သား ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

    ရေးမြောက်ပိုင်း ဝါပသဲအနီး တိုက်ပွဲဖြစ်စဥ်အတွင်း ထိခိုက်သေဆုံးမှုအခြေအနေနှင့် ပတ်သက်ပြီး လွတ်လပ်သော မွန်သတင်းအေဂျင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

    ပြီးခဲ့သည့် မေလ ၇ ရက်နှင့် ၈ ရက်နေ့တို့ကလည်း ဝါပသဲကျေးရွာအနီးရှိ ကျားဖြူစစ်ကြောင်း တပ်စခန်းနေရာကို စစ်ကောင်စီက လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

    လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ကျားဖြူစစ်ကြောင်းဘက်မှ အမျိုးသမီးတစ်ဦးနှင့် အမျိုးသား ၂ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

    ၎င်းပြင် စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဝါပသဲကျေးရွာခံအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ်အဆောက်အဦးအချို့လည်း ထိခိုက်ပျက်ဆီးမှုရှိခဲ့သည်။

    လက်ရှိတွင် တိုက်ပွဲကြောင့် ဝါပသဲနှင့် အနီးနားတဝိုက်က ကျေးရွာများမှ ရာနှင့်ချီသည့် ပြည်သူတို့က ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ရေးမြောက်ပိုင်း ဝါပသဲကျေးရွာသည် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေအတွင်း တည်ရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်စခန်းများ အခြေချရာနေရာလည်းဖြစ်သည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,400SubscribersSubscribe
    spot_img

    Latest posts