spot_img
Tuesday, February 24, 2026
More
    spot_img
    Homeသတင်းယခုနှစ် ကျိုက်ထီးရိုးဘုရားပွဲကာလ ဘုရားဖူး တစ်သိန်းရှစ်သောင်းကျော်သာ ဝင်ရောက်ခဲ့

    ယခုနှစ် ကျိုက်ထီးရိုးဘုရားပွဲကာလ ဘုရားဖူး တစ်သိန်းရှစ်သောင်းကျော်သာ ဝင်ရောက်ခဲ့

    -

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ၂၀၂၂- ၂၀၂၃ ခုနှစ် ပွဲတော်ကာလအတွင်း ပြည်တွင်း ပြည်ပဘုရားဖူး တစ်သိန်းရှစ်သောင်းကျော်သာ ဝင်ရောက်ခဲ့ကြောင်း ဘုရားဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။

    စစ်တပ်အာဏာမသိမ်းခင်က ကျိုက်ထီးရိုးဘုရားပွဲတော်ကာလအတွင်း နှစ်စဥ် ဘုရားဖူး ၃ သန်းနီးပါးအထိ ဝင်ရောက်ခဲ့သော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကျိုက်ထီးရိုးဘုရားဖူး သိသိသာသာလျော့ကျလာခဲ့သည်ဟု ဘုရားဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ရှိ ဘုရားဖူးဝင်ရောက်မှု စာရင်းများအရ သိရသည်။

    ကျိုက်ထီးရိုးဘုရားဖူးနည်းပါးသွားရခြင်းမှာ နိုင်ငံရေးအခြေအနေနှင့် ကျိုက်ထီးရိုးဒေသအတွင်း ပစ်ခတ်တိုက်ခိုက်မှုများမကြာခနဖြစ်ပွားနေသည့်အပြင် မြေမြှုပ်မိုင်းကြောင့် လူထိခိုက်သေဆုံးမှုပါ ရှိနေသည့်အတွက်ကြောင့်ဟု ကျိုက်ထိုဒေသခံတစ်ဦးက ပြောသည်။

    “အဲ့ဒီအပြင်ကို ညောင်ခါးရှည်ဂိတ်ကလည်း ဘုရားဖူးအဝင်နည်းသွားတဲ့အကြောင်းအရင်းတစ်ခုဖြစ်သွားတယ်။ ဘာကြောင့်လဲဆိုတော့ ခါတိုင်းရန်ကုန်ကနေ ဘုရားဖူးတွေက နေ့ချင်းပြန်ခရီးအဖြစ်လာကြတာတွေရှိတယ်။ တချို့လည်း စနေနေ့လာပြီး တနင်္ဂနွေနေ့ပြန်ကြတဲ့ ဘုရားဖူးတွေလည်းရှိကြတယ်။ ဒါပေမယ့် ညောင်ခါးရှည်မှာ ကားကြပ်တဲ့နေ့ဆိုရင် အနည်းဆုံး လေးငါးနာရီလောက် စောင့်ကြရတော့ ဘုရားဖူးတွေလာဖို့က တွန့်ကုန်ကြတယ်။ အဲ့ဒီအပြင်ကို မုပ္ပလင်လမ်းဆုံမှာ ဘုရားဖူးကားတစ်စီးပေါ် လက်နက်ကြီးကျလို့ လူသေဆုံးမှုတွေဖြစ်ခဲ့တော့ ပိုဆိုးသွားရော” ဟု ၎င်းဒေသခံက ဆိုသည်။

    ကျိုက်ထီးရိုး ဘုရားဖူးနည်းပါးလာသည့်အတွက် ကျိုက်ထီးရိုးဒေသရှိ တည်းခိုခန်း၊ စားသောက်ဆိုင်၊ ဈေးဆိုင်များနှင့် တခြားလုပ်ငန်း လုပ်ကိုင်ကြသူများ အရှုံးပေါ်ပြီး အခက်အခဲနှင့် ရင်ဆိုင် ကြုံတွေ့နေကြရကြောင်းလည်း ဆိုသည်။

    “ဒီနှစ်မှာ ဘုရားဖူးက သိသိသာသာကိုလျော့ကျသွားတော့ လုပ်ငန်းအတော်များများအရှုံးပေါ်ကြတယ်။ အဲ့ဒီအတွက် ဂေါပကအဖွဲ့ကလည်း ဖြေလျှော့မှုတွေလုပ်ပေးမယ်လို့ပြောထားတယ်” ဟု ကျိုက်ထီးရိုးတောင်ပေါ်ရှိ စားသောက်ဆိုင်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

    ပြီးခဲ့သည့် ၂၀၂၁ – ၂၀၂၂ ခုနှစ် ပွဲတော်ကာလတုန်းက ပြည်တွင်း၊ ပြည်ပဘုရားဖူး ၃ သိန်းကျော် လာရောက်ခဲ့ ရှိသည်ဟု သိရသည်။

    ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ပွဲတော်ကာလကို နှစ်စဥ် သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့အထိ သတ်မှတ်ထားသည်။

    ယခုနှစ် ဘုရားပွဲတော်ကာလအစတွင် ကင်မွန်းစခန်းရှိ ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ်ကားဂိတ်အနီးတွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး ဘုရားဖူးပြည်သူ ၃ ဦးသေဆုံးကာ ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks