မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဖလပ်ကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းမတွင် မေလ ၂၁ ရက်နေ့ ညပိုင်းက လင်မယား ၂ ဦး ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။
ယမန်နေ့ ည ၁၀ နာရီဝန်ကျင်းအချိန်ခန့်က သေနတ်ပစ်ခတ်သံ ၁၀ ချက်ခန့် ကြားခဲ့ရကြောင်း ယနေ့ နံနက်မှာတော့ အဆိုပါ နေရာတွင် လင်မယား ၂ ဦး သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ခဲ့ရကြောင်း အနီးနားနေ ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။
“သမီးတို့က အိပ်မလို့ လုပ်နေတုန်မှာပဲ သေနတ်သံ ၁၀ ချက်လောက်ကြားရတယ်။ ဒီမနက်ကျမှ အဲမှာ လင်မယား ၂ ဦး သေဆုံးနေတာ သိရတယ်” ဟု အဆိုပါဖြစ်စဥ်အနီး နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။
သေဆုံးသွားသည့် လင်မယား ၂ ဦးသည် အသက် ၄၉ နှစ်အရွယ်ရှိ ဦးမြင့်လွန်နှင့် ဇနီးဖြစ်သူ ဒေါ်ခင်သီတာထွန်းတို့ဖြစ်ပြီး ၎င်းတို့သည် ပေါင်မြို့နယ်၊ ကျွဲခြံကျေးရွာ မွန်စုပိုင်းနေသူများဖြစ်ကြကြောင်း ဒေသခံတို့ထံမှ သိရသည်။
သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် လင်မယားရုပ်အလောင်းကို လူမှုကယ်ဆယ်ရေးအသင်းတို့၏အကူအညီဖြင့် ပေါင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လင်မယား ၂ ဦးကို မည်သည့်အဖွဲ့အစည်းက မည်သည့်အကြောင်းကြောင့် ပစ်သတ်သွားသည်ကို လွတ်လပ်သော မွန်သတင်းအေဂျင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
အဆိုပါ လင်မယား ၂ ဦး ပစ်သတ်ခံရသည့် ဖလပ်ကျေးရွာတွင် ရဲနှစ်ဦးနှင့် ရာအိမ်မှူးတစ်ဦးလည်း ပစ်သတ်ခံရသည့်ဖြစ်စဥ် ရှိခဲ့ကြောင်း ဒေသခံတို့က ပြောသည်။