spot_img
Wednesday, February 25, 2026
More
    spot_img
    Homeသတင်းမိုခါမုန်တိုင်းကြောင့် သေဆုံးသူ ၂၁ ဦးရှိဟု စစ်ကောင်စီ ထုတ်ပြန်

    မိုခါမုန်တိုင်းကြောင့် သေဆုံးသူ ၂၁ ဦးရှိဟု စစ်ကောင်စီ ထုတ်ပြန်

    -

    မေလ ၁၃ ရက်နေ့မှ ၁၅ ရက်အတွင်း တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ကြောင့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းနှင့် ပြည်နယ် ၁၁ ခုမှ လူ ၂၁ ဦး သေဆုံးကြောင်း စစ်ကောင်စီက  မေ ၁၆ ရက်နေ့က ထုတ်ပြန်ထားသည်။

    ထုတ်ပြန်ချက်တွင် မေ ၁၅ ရက်နေ့ ညပိုင်းအထိရရှိသော စာရင်းများအရ ရခိုင်ပြည်နယ်အတွင်း ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအပါအဝင် သေဆုံးသူ ၂၀ ဦးရှိခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်းက ၁ ဦး သေဆုံးသည်ဟု ပါရှိသည်။

    ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နှင့် မွန်ပြည်နယ်က ကျေးရွာပေါင်း ၇၆၉ ရွာမှ လူနေအိမ် ၁၁၅၃၂ လုံး ပျက်စီးဆုံးရှုံးကြောင်း ဆိုထားသည်။

    သာသနိကအဆောက်အဦ ၇၃ လုံး၊ ဘုန်းတော်ကြီးကျောင်း ၄၇ ကျောင်း၊ စာသင်ကျောင်း ၁၆၃ ကျောင်း၊ ဆေးရုံနှင့် ဆေးပေးခန်း ၂၉ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၁၁ ခု၊ ဓါတ်မီးတိုင် ၁၁၉ တိုင်၊ ထရန်စဖော်မာ ၅ လုံး၊ ဈေး ၁ ခု၊ လေဆိပ် ၂ ခုနှင့် ဌာနဆိုင်ရာအဆောက်အဦး ၁၁၂ လုံးလည်း ပျက်ဆီးသွားခဲ့ကြောင်း ဖေါ်ပြထားသည်။

    အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ မေလ ၁၆ ရက်နေ့အထိ ရရှိထားသော စာရင်းများအရ ဆိုင်ကလုန်းမုန်တိုင် မိုခါကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၇ ခုတို့မှ သေဆုံးသူ စုစုပေါင်း ၄၃၅ ရှိပြီး ပျောက်ဆုံးနေသူများလည်း ရှိသည်ဟု ထုတ်ပြန်ထားသည်။

    မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွင် ထိခိုက်ပျက်စီးမှု ကြီးမားပြီး အိမ်ထောင်စု ၅ သိန်းစာအတွက် မိုးကာစနှင့် ပြည်သူ ၁ သန်းခန့်အတွက် အစားအစာနှင့် သောက်သုံးရေ အရေးပေါ်လိုအပ်လျက်ရှိကြောင်းလည်း NUG က ထုတ်ပြန်ထားသည်။

    လက်ရှိအချိန်ထိ မည်သည့်နိုင်ငံတကာအဖွဲ့အစည်းကမှ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးနေခြင်း မရှိသေးကြောင်း NUG က ဆိုထားသော်လည်း စစ်ကောင်စီဘက်က မုန်တိုင်းသင့်ဒေသများတွင် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ပရဟိတအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များ စုပေါင်းကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း ထုတ်ပြန်ထားသည်။

    စစ်ကောင်စီက ရခိုင်ပြည်နယ်က မြို့နယ် ၁၇ မြို့နယ်၊ ချင်းပြည်နယ်က မြို့နယ် ၄ မြို့နယ် သဘာဝဘေးအန္တရာယ်ကျရောက်သည့်မြို့နယ်အဖြစ် သတ်မှတ်ကြေညာထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks