ဆိုင်ကလုန်းမုန်တိုင်း မိုခါ ဝင်ရောက်တိုက်ခတ်ခဲ့သည့် ရခိုင်ပြည်နယ်အတွင်းက ပြည်သူတွေကို အရေးပေါ်အကူအညီပေးအပ်ရန် နိုင်ငံတကာအဖွဲ့အစည်းများကို ရက္ခိုင့်တပ်တော် (AA) က တောင်းဆိုလိုက်သည်။
မုန်တိုင်းဘေးသင့် ရခိုင်ပြည်သူများ ခိုလှုံစရာနေရာ၊ စားစရာနှင့် ဆေးဝါး အခက်အခဲများကို ဆိုးဝါးစွာ ရင်ဆိုင်နေကြရပြီး ဆက်သွယ်ရေးဆိုင်ရာ ဖုန်းနှင့် အင်တာနက်လိုင်းများ၊ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ကာ အကူအညီများ ကင်းမဲ့နေသည်ဟု ဆိုသည်။
မုန်တိုင်းသင့်ပြည်သူများအတွက် လတ်တလော အရေးကြီးလိုအပ်လျက်ရှိသော အမိုးအကာပစ္စည်းများ၊ ဆေးဝါးများနှင့် စားနပ်ရိက္ခာများအပါအဝင် တခြားအရေးအရေးပေါ်အကူအညီများကို အမြန်ဆုံး ကူညီပေးကြပါရန် AA က တောင်းဆိုလိုက်ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်ကို တစ်နာရီလျှင် မိုင် ၁၀၀ မှ ၁၂၀ ခန့်အထိ တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ကြီးမားသော ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်ဟု ဆိုထားသည်။
ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်ကြောင့် လူနေအိမ်၊ ဘာသာရေးအဆောက်အအုံများ၊ အခြေခံအဆောက်အအုံများဖြစ်သည့် လမ်းတံတား၊ လျှပ်စစ်မီးနှင့် ဆက်သွယ်ရေးများအပြင် မွေးမြူရေးတိရစ္ဆာန်များပါ ပျက်စီးဆုံးရှုံးခဲ့ရပြီး ရခိုင်တပြည်လုံးအတိုင်းအတာဖြင့် အလွန်ဆိုးရွားစွာ ထိခိုက်ခဲ့သလို ပြည်သူတချို့လည်း သေဆုံးခဲ့ရကြောင်း AA က ထုတ်ပြန်ထားသည်။
ဆိုင်ကလုန်း မိုခါကြောင့် ပျက်စီးမှုအခြေအနေသည် အလွန်ကြီးမားပြီး မြို့များ၊ ကျေးရွာများနှင့် အများပြည်သူ အခြေခံအဆောက်အအုံအများစုလည်း ပျက်စီးခဲ့ကာ အဆက်အသွယ်များလည်း ပြတ်တောက်နေလျက်ရှိပြီး နောက်ဆက်တွဲအကျိုးဆက်များ လျော့နည်းစေရန်အတွက် အရေးပေါ် အကူအညီများ ချက်ချင်းပေးအပ်ရန် လိုအပ်ကြောင်း ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း ၎င်း၏ တွစ်တာတွင် ပြောဆိုထားသည်။