spot_img
Tuesday, February 10, 2026
More
    spot_img
    Homeသတင်း၂၀၂၃-၂၄ ပညာသင်နှစ် ဝင်ခွင့်အတွက် Mon National College မှ လျှောက်လွှာများ ခေါ်ယူနေ

    ၂၀၂၃-၂၄ ပညာသင်နှစ် ဝင်ခွင့်အတွက် Mon National College မှ လျှောက်လွှာများ ခေါ်ယူနေ

    -

    မွန်အမျိုးသားပညာရေးဌာန၏ လက်အောက်ရှိ Mon National College (မွန်အမျိုးသားကောလိပ်) တွင် ၂၀၂၃-၂၄ ပညာသင်နှစ် ဝင်ခွင့်လျှောက်လွှာများကို ခေါ်ယူလျက်ရှိပြီး စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

    ဝင်ခွင့်လျှောက်လွှာများကို သက်ဆိုင်ရာ မွန်အမျိုးသားပညာရေးဌာနများနှင့် မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံးတို့တွင် သွားရောက်ထုတ်ယူလို့ရသည့်အပြင် Mon National College Facebook Page ဖြစ်သော https://www.facebook.com/monnationalcollege တွင် Download ပြုလုပ်ပြီး ၂၀၂၃ ခုနှစ် မေလ ၁၅ ရက်နေ့အထိ နောက်ဆုံးထား လျှောက်ထားနိုင်သည်။

    လျှောက်ထားလာသော လျှောက်လွှာများအနက် သတ်မှတ်ချက်နှင့်ကိုက်ညီသော လျှောက်လွှာများကို စီစစ်ရွေးချယ်မည်ဖြစ်ပြီး အချက်အလက်ပြည့်စုံသော လျှောက်ထားသူများသည် ၂၀၂၃ ခနှစ် မေလ ၂၀ ရက်နေ့တွင် မော်လမြိုင်၊ ညီစားစခန်းရှိ မွန်အမျိုးသားပညာရေးဌာနနှင့် ရေး၊ သံဖြူဇရပ်ရှိ မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံးတို့၌ အရည်အချင်းစစ် ဝင်ခွင့်စာမေးပွဲများ ဝင်ရောက်ဖြေဆိုကြရမည်ဖြစ်သည်။

    ပြီးခဲ့သည့်ပညာသင်နှစ်တွင် Mon National College တက်ရောက်ခွင့်ရရှိသူများသည် ကောလိပ်ထောက်ပံ့ ကြေးအဖြစ် ပထမနှစ် ၁၀ သိန်း၊ ဒုတိယနှစ် ၁၂ သိန်း သတ်မှတ်ပေးသွင်းရတာရှိခဲ့ပြီး လာမည့်ပညာသင်နှစ်အတွက် ပေးသွင်းရမည့် ထောက်ပံ့ကြေးကိုတော့ မသတ်မှတ်ရသေးဘူးလို့ မွန်အမျိုးသားပညာရေးဌာန၏ ဒုတာဝန်ခံဖြစ်သူ မိကရက်နွန်က ပြောသည်။

    “ဒီနှစ်ကျောင်းဝင်စရိတ်ကိုတော့ အတိအကျ မသိရသေးဘူး၊ ကျောင်းဝင်စရိတ်ကတော့ တတ်နိုင်တဲ့ ကျောင်းသား မိဘတွေက တစ်နှစ်စာအပြီးသွင်းတာရှိတယ်၊ တချို့မတတ်နိုင်တဲ့သူတွေကတော့ နှစ်ခေါက် သုံးခေါက် အဲဒီလိုခွဲပြီး သွင်းတဲ့သူတွေလည်း ရှိတယ်၊ အဓိက သူတို့သွင်းနိုင်သလောက်ပေါ့၊ ဘယ်လိုပဲသွင်းသွင်းရပါတယ်၊ နှစ်ကုန်ရင် အပြီးသွင်းနိုင်ရမယ်ပေါ့” ဟု မိကရက်နွန်က ပြောသည်။

    လတ်တလောအခြေအနေအရ Mon National College တွင် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း ၃၀၀ နီးပါးခန့် တက်ရောက် ပညာသင်ကြားလျက်ရှိပြီး ဘာသာရပ်တွေကို အွန်လိုင်းစနစ်ဖြင့် အဓိက သင်ကြားနေရတာကြောင့် နေရာထိုင်ခင်း၊ ကျောင်ဆောင်အခက်အခဲအပါအဝင် လျှပ်စစ်မီး၊ ကွန်ပျူတာ မလုံးလောက်သည့်ပြဿနာများ ရှိနေကြောင်း သိရသည်။

    ထို့ကြောင့် ယခုအသစ်ဖွင့်လှစ်မည့် ၂၀၂၃-၂၄ ပညာသင်နှစ်တွင်လည်း ကျောင်းသား၊ ကျောင်းသူ ဦးရေ ၁၅၀ ခန့်ပဲ လက်ခံသင်ကြားသွားရန် မွန်အမျိုးသားပညာရေးဌာနက ပြင်ဆင်ထားကြောင်း ပြောသည်။

    “နေရာအခက်အခဲကတော့ ရှိတုန်းပေါ့နော်၊ ဘာလို့လဲဆိုတော့ ကျောင်းဆောင်ကလည်း မရှိသေးဘူး။ ဆောက်နေတုန်းအခြေအနေပဲရှိသေးတယ်ဆိုတော့ ကလေးတွေ နေထိုင်ဖို့အတွက် အဆင်ပြေတဲ့အနေအထားလောက်မှာပဲ ကျောင်းသားကျောင်းသူ ဦးရေ ၁၅၀ လောက်ပဲ လက်ခံထားတယ် ဒီထက်များရင် နေရာအခက်ခဲဖြစ်မယ်လေ” ဟု မိကရက်နွန်က ထပ်ပြောသည်။

    ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းက စတင်တည်ဆောက်နေပြီဖြစ်သည့် Mon National College ကျောင်းအဆောက်အဦး အမြန်ပြီးစီးနိုင်ရေးအတွက် ပြည်တွင်း၊ ပြည်ပက မွန်ပြည်သူတစ်ရပ်လုံးအနေဖြင့် ပူးပေါင်းပါဝင်ကူးညီပေးကြပါရန် လိုအပ်ကြောင်း Mon National College တာဝန်ရှိသူများက တိုက်တွန်းနေကြပါသည်။

    မွန်အမျိုးသားကျောင်းများမှ ကျောင်းသူ/ကျောင်းသားများကို နိုင်ငံတကာ တက္ကသိုလ်များတွင် ပညာဆက်လက် သင်ယူနိုင်ရန်အတွက် ရည်ရွယ်ပြီး Mon National College ကို ၂၀၂၂ ဇွန်လအတွင်းက စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

    တက်ရောက်ခွင့်ရသူများသည် Mon National College တွင် သုံးနှစ် ပညာသင်ကြားရမည်ဖြစ်ပြီး နှစ်နှစ် ပြန်လည်တာဝန်ထမ်းဆောင်ပေးရမည်ဖြစ်ကြောင်း မွန်အမျိုးသားပညာရေးဌာနက ပြောဆိုထားသည်။

    လက်ရှိ Mon National College တွင် ဘာသာရပ် (၆) ခုဖြစ်သည့် Social Science, Mass Media and Journalism, Leadership and Management, Education Teaching, Education Management နှင့် Mon Literature တို့ကို သင်ကြားပို့ချပေးလျက်ရှိသည်။

    လာမည့်ပညာသင်နှစ်တွင် ကျန်းမာရေးနှင့်သက်ဆိုင်သည့် Nursing ဘာသာရပ်အသစ်တစ်ခုကို ထပ်မံထည့်သွင်းထားတာကြောင့် စုစုပေါင်း ဘာသာရပ် (၇) ခုအထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး တွဲဖက်ဝိဇ္ဇာဒီဂရီ (Associate Degree of Art) ကို ပေးအပ်မည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks