Homeသတင်းမွန်ပြည်နယ်တွင် ဆန်စျေး ဆက်တိုက်တက်

မွန်ပြည်နယ်တွင် ဆန်စျေး ဆက်တိုက်တက်

-

မွန်ပြည်နယ် ဆန်ဈေးကွက်အတွင်း ဆန်အမျိုးအစားအလိုက် ဆန်တစ်အိတ်လျှင် ကျပ် ၅၀၀၀ မှ ကျပ် ၁၀၀၀၀ အကြား ဈေးတက်လာကြောင်း ဆန်ရောင်းဝယ်သူတို့နှင့် စားသုံးသူတို့ထံမှ သိရသည်။

သင်္ကြန်ကာလမတိုင်ခင်က မွန်ပြည်နယ်အတွင်း ပေါ်ဆန်းမွှေး ဆန် ၂၄ ပြည်တစ်အိတ်လျှင် ကျပ် ၇၀၀၀၀ နှင့် ၇၂၀၀၀ ကြားရှိရာမှ သင်္ကြန်နောက်ပိုင်းတွင် ပေါ်ဆန်းမွှေး ဆန်တစ်အိတ်လျှင် ကျပ် ၇၇၀၀၀ နှင့် ၈၀၀၀၀ ကြား ဈေးမြင့်တက်လာသည်ဟု ပြည်နယ်ဆန်စျေးကွက်အတွင်းမှ သိရသည်။

ပေါ်ကျွဲဆန်လည်း တစ်အိတ် ကျပ် ၆၃၀၀၀ ဝန်းကျင်ရှိရာမှ ယခု တစ်အိတ်လျှင် ကျပ် ၇၀၀၀၀ ဝန်းကျင်အထိ စျေးတက်လာခဲ့သည်။

အလားတူ ဧည့်မထ ဆန် ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၅၈၀၀၀ ဝန်းကျင်ရှိခဲ့ရာမှ လက်ရှိတွင် တစ်အိတ်လျှင် ကျပ် ၆၀၀၀၀ နီးပါး စျေးရှိနေသည်ဟု သိရသည်။

အထက်မြန်မာပြည်က လာသည့် ပေါ်ဆန်းမွှေး တစ်အိတ်လျှက် ကျပ် ၁ သိန်းကျော် ပေါက်စျေးရှိနေသည်ဟုလည်း ဆန်စျေးကွက်အတွင်းမှ သိရသည်။

စပါးလက်ကျန် နည်းလာခြင်းနှင့် ဝယ်လိုအားမြင့်တက်လာခြင်းတို့ကြောင့် ဆန်းစျေးတွေ ဆက်တိုက်မြင့်လာခြင်းဖြစ်ကြောင်း ဆန်းရောင်းဝယ်နေသူတို့က ပြောသည်။

“ဆန်စျေးကတော့ ပြောမနေနဲ့တော့ ဆက်တိုက်ကို တက်နေတော့တာပဲ။ ဒီချိန်က လက်ကျန်စပါးတွေလည်း နည်းလာတယ်လေ။ ပြီးတော့ ဝယ်လိုအားကလည်း များလာတော့ စျေးတွေက တက်လာတာ” ဟု ဆန်ရောင်းဝယ်နေသူတစ်ဦးက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဆန်စျေးများ မြင့်တက်လာခဲ့ပြီး နှစ်နှစ်ကျော်ကာလအတွင်းမှာ ဆန်စျေး ၃ ဆနီးပါးခန့် မြင့်တက်လာသည်ဟု ဆန်ရောင်းဝယ်သူတို့နှင့် စားသုံးသူတို့က ပြောသည်။

ဆန်ဈေးနှုန်း ကြီးမြင့်လာမှုကြောင့် အခြေခံလက်လုပ်လက်စားပြည်သူများ စားဝတ်နေရေးအတွက် အခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့ရသည်ဟု ၎င်းတို့၏ ပြောကြားချက်များအရ သိရသည်။

“မိုးတွင်းကျရင် ဒီထက်ပိုတက်လာမှာကို စိုးရိမ်နေရတယ်။ သာမာန်လူတွေအတွက် ကိစ္စမရှိပေမယ့် တနေ့လုပ်မှ တနေ့စားရတဲ့ ကျွန်မတို့လူတွေအတွက်ကတော့ ထမင်းငတ်မယ့်အခြေအနေကို ရောက်တော့မယ်။ ဆန်သာမက အခြားစားသောက်ကုန်တွေလည်း စျေးအဆမတန်တက်နေတော့ ဘယ်လိုမှ အဆင်မပြေတော့ဘူ” ဟု ရေးမြို့နယ်မှ ရော်ဘာခြံအလုပ်သမားတစ်ဦး ပြောသည်။

လက်ရှိတွင် မွန်ပြည်နယ်အတွင်း၌ စပါးချောအုပ်စုဝင် စပါးတင်း ၁၀၀ လျှင် ကျပ် ၂၁ သိန်းဝန်းကျင်အထိ စျေးရှိနေပြီး  စပါးကြမ်းအုပ်စုဝင် စပါးတင်း ၁၀၀ လျှင် ကျပ် ၁၅ သိန်းနှင့် ၁၆ သိန်းအကြား ရှိနေသည်ဟု စပါးကုန်သည်တို့ထံမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts