Home သတင်း ရွှေကုက္ကိုလ်မြို့သစ်အနီးတိုက်ပွဲတွင် ပါဝင်ခဲ့သည့် တပ်မှူး ၂ ဦး KNU/KNLA (PC) မှ ထုတ်ပယ်

ရွှေကုက္ကိုလ်မြို့သစ်အနီးတိုက်ပွဲတွင် ပါဝင်ခဲ့သည့် တပ်မှူး ၂ ဦး KNU/KNLA (PC) မှ ထုတ်ပယ်

ရွှေကုက္ကိုလ်မြို့သစ်အနီး တိုက်ပွဲဖြစ်စဥ်တွင် ပူးပေါင်းပါဝင်ခဲ့သည့် KNU/KNLA (PC) မှ တပ်မှူး နှစ်ဦးကို အဖွဲ့မှ ထုတ်ပယ်ကြောင်း KNU/KNLA (PC) က ထုတ်ပြန်ကြေညာလိုက်သည်။

အဖွဲ့မှ ထုတ်ပယ်လိုက်သည့် တပ်မှူးနှစ်ဦးသည် KNU/KNLA (PC) အမှတ် ၂ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောလက်ကိုင်နှင့် တပ်ရင်း ၇၀၈ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စောကျော်ကရောတို့ဖြစ်သည်ဟု KNU/KNLA (PC) ၏ ဧပြီလ ၇ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်သည့် ကြေညာချက်အရ သိရသည်။

အဖွဲ့အစည်းဗဟို၏ ညွန်ကြားမှုများနှင့် တပ်ပိုင်းဆိုင်ရာစည်းမျဉ်းစည်းကမ်းများကို မလိုက်နာသောကြောင့် အဖွဲ့အစည်းဗဟို၏ အရေးပေါ်အစည်းအဝေး ဆုံးဖြတ်ချက်အရ ၎င်းတို့နှစ်ဦးကို ထုတ်ပယ်လိုက်ခြင်းဖြစ်ကြောင်း ဆိုထားသည်။

ပြီးခဲ့သည့်ရက်ပိုင်းက စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်ရာ ရွှေကုက္ကိုလ်မြို့သစ်အနီးတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ၊ BGF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်ပွဲများအတွင်း BGF ၏ ဂိတ်စခန်းတချို့အား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မီးရှို့ခဲ့သည့်အပြင် လက်နက်ခဲယမ်းအမြောက်အများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ထုတ်ပြန်ချက်အရ သိရသည်။

တိုက်ပွဲများကြောင့် ရွှေကုက္ကိုလ်မြို့သစ်အနီးဝန်းကျင်ဒေသများရှိ သောင်းနှင့်ချီသည့် ဒေသခံပြည်သူတို့နှင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

ထိုသို့တိုက်ပွဲဖြစ်ပွားနေသည့်အတွက် မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီးအား ဧပြီလ ၇ ရက်နေ့မှ ၂၁ ရက်အတွင်း ဖြတ်သန်းသွားလာခြင်းလုံးဝမပြုလုပ်ရန် တော်လှန်ရေးပူးပေါင်းအဖွဲ့တို့က ပူးတွဲ အမိန့်ထုတ်ပြန်ထားသည်။

Photo: စစ်ခေါင်းဆောင်များနှင့် သွားရောက်တွေ့ ဆုံခဲ့သည့် KNU/KNLA PC ခေါင်းဆောင်များ

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.