မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းဘေးတွင် ဧပြီလ ၅ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ်ကြီးတစ်ဦး ပစ်သတ်ခံရကြောင်း သိရသည်။
ယမန်နေ့ နံနက် ၆ နာရီအချိန်ခန့်က အင်္ဂဘိုကျေးရွာ လက်ပံ့သုဿာန်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ ထွက်လာသည့် တပ်ကြပ်ကြီး ကျော်ဆန်းကို KNLA ၊ KRF ပူးပေါင်းတပ်ဖွဲ့တို့ ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။
တပ်ကြပ်ကြီး ကျော်ဆန်းသည် အင်္ဂဘိုကျေးရွာရှိ လက်ပံ့သုဿာန်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်၏ လက်နက်ကြီးတာဝန်ခံတစ်ဦးဟု သိရကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“လက်ပံ့သုဿာန်ကနေ ထက်စက်သုံးဆီဆိုင်နားက ကွမ်းယာဆိုင်မှာ ကွမ်းယာထွက်ဝယ်တဲ့အချိန်မှာ သေနတ်သမားတစ်ဦးရောက်လာပြီး ဦးခေါင်းကို သေနတ်နဲ့ ပစ်ခတ်သွားတာလို့ သိရတယ်” ဟု ၎င်းက ဆိုသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် တပ်ကြပ်ကြီးကျော်ဆန်းသည် ဦးခေါင်းပွင့်ထွက်ဒဏ်ရာများဖြင့် အခင်းဖြစ်ရာနေရာတွင်ပင် ပွဲချင်ပြီး သေဆုံးခဲ့သည်။
သေဆုံးသွားသည့် တပ်ကြပ်ကြီး ကျော်ဆန်းထံမှ လက်ပစ်ဗုံး၊ ဖုန်း၊ ဆိုင်ကယ်နှင့် လက်ထိပ် သိမ်းဆည်းရမိခဲ့သည်ဟု ကျိုက်ထိုတော်လှန်ရေး အင်အားစု KRF က ထုတ်ပြန်ထားသည်။
ဦးခေါင်းအားသေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည့် တပ်ကြပ်ကြီးကျော်ဆန်းသည် ကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့်ပစ်ခတ်ရာတွင် အဓိကလုပ်ဆောင်နေသူဖြစ်သည်ဟု ဒေသခံတို့အကြားပြောဆိုနေသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။
တပ်ကြပ်ကြီးကျော်ဆန်း၏ ရုပ်အလောင်းအား ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း ဒေသခံများ၏ပြောကြာချက်များအရ သိရသည်။
စစ်ကောင်စီတပ်ကြပ်ကြီး သေနတ်ဖြင့် ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်တို့က ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများလုပ်ဆောင်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။
