spot_img
Thursday, December 26, 2024
More
    spot_img
    Homeသတင်းပြည်တွင်းငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲခရီး အတော့်ကို ဝေးနေဦးမည်။ လွတ်လပ်သော မွန်သတင်းအေဂျင်စီမှ ဝါရင့် နိုင်ငံရေးသမား 'ဦးဖေသန်း' အား မေးမြန်းခြင်း။

    ပြည်တွင်းငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲခရီး အတော့်ကို ဝေးနေဦးမည်။ လွတ်လပ်သော မွန်သတင်းအေဂျင်စီမှ ဝါရင့် နိုင်ငံရေးသမား ‘ဦးဖေသန်း’ အား မေးမြန်းခြင်း။

    -

    ပြည်တွင်းပဋိပက္ခ ပြေလည်ချုပ်ငြိမ်းရေးအတွက် တရုတ်က ကြားဝင်ဆောင်ရွက်မှုအပေါ် ကြိုဆိုထောက်ခံတယ်ဆိုပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) က ထုတ်ပြန်ထားပါတယ်။

    “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ခမ်းမြို့မှာ ပြီးခဲ့တဲ့ မတ် ၁၅ ရက်နဲ့ ၁၆ ရက်က FPNCC အဖွဲ့ဝင် ၇ ဖွဲ့က ခေါင်းဆောင်တွေ တက်ရောက်ခဲ့တဲ့ FPNCC လုပ်ငန်းအစည်းအဝေး ကျင်းပအပြီးမှာ အခုလို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

    အစည်းအဝေးကို FPNCC အဖွဲ့ဝင်တွေဖြစ်တဲ့ “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ရှမ်း/ရှေ့ အထူးဒေသ (၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ (PSC)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ (MNTJP)၊ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA)နှင့် ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF) အဖွဲ့က ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။

    ပြည်တွင်းပဋိပက္ခ ပြေလည်ဖို့အတွက် တရုတ်ရဲ့ အခန်းကဏ္ဍ ဘယ်လိုရှိနေလဲ FPNCC နဲ့ တရုတ်အကြားက ဆက်ဆံရေးဘယ်လိုရှိနေလဲဆိုတဲ့အခြေအနေနဲ့ ပတ်သက်ပြီး ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကို ဆက်သွယ်မေးမြန်းထားပါတယ်။

    မေး ။ ။ FPNCC ကနေ ထုတ်ပြန်ထားတဲ့ ပြည်တွင်း ပဋိပက္ခ ချုပ်ငြိမ်းရေးအတွက် တရုတ်က ကြားဝင်မှုကို ထောက်ခံကြိုဆိုတယ်ဆိုတာ သူတို့က ဘာကိုရည်ညွှန်းတာပါလဲဆရာ။

    ဖြေ ။ ။ တရုတ်ကတော့ ဒီအဖွဲ့တွေအပေါ်မှာ တစုံတရာ သူတို့က ဆက်နွယ်မှုရှိတယ်။ တစုံတရာလည်း သြဇာသက်ရောက်မှု ရှိတယ်။ တရုတ်ကိုယ်၌လည်း အဲလို ကမကထပြုပြီးတော့ ငြိမ်းချမ်းရေးကို လုပ်လာတယ်ဆိုရင်တော့ သူတို့ အဲဒီစကားကိုပဲပြောရမှာပဲလေ ကြိုဆိုတယ်ဆိုတဲ့စကားကိုပဲ ပြောရမယ် လက်တွေ့မှာ တကယ်တမ်း အလုပ်ဖြစ်လား မဖြစ်လားဆိုတာကတော့ သိပ်မသေချာဘူး ပြီးတော့ ခရီးကလည်း တော်တော့်ကို ဝေးအုံးမယ်ဆိုတော့ လက်တွေ့နဲ့ ပကတိအခြေအနေနဲ့ ကိုက်ညီမလား မကိုက်ညီဘူးလားပေါ့နော် အဲဒီမှာ သူတို့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ လောလောဆယ် တိုက်ပွဲတွေဖြစ်နေတာရှိတယ်။ နိုင်ငံရေးအားဖြင့် အရှုပ်အရှင်းတွေရှိတယ်။ အဲဒီမှာ ဘယ်လိုငြိမ်းချမ်းရေးမျိုးကို သူတို့ ဘယ်လိုတည်ဆောက်မလဲ ဘယ်လိုပြည်ထောင်စုမျိုးကို သူတို့ တည်ဆောက်ကြမလဲ တစ်ဖွဲ့ချင်းရဲ့ သဘောထားကော သက်ဆိုင်မလား အဲဒါတွေက အများကြီးပေါ့နော် ခြုံပြီးပြောရရင်တော့ လောလောဆယ် ဒီကြေညာချက်က တစ်ဖက်က တရုတ်ကိုယ်၌က ဖြစ်စေချင်တဲ့ ကမကထပြုမှုနဲ့ ပါဝင်လာတဲ့အတွက် အဲလို သံခင်းတမန်ခင်းပေါ့ဗျာ သံတမန်ပရိယာမျိုးပေါ့နော် အဲလိုပုံစံမျိုးထက် ပိုပြီးတော့ ကျွန်တော်ကတော့ မမြင်ဘူးဗျ။

    မေး ။ ။ လက်ရှိ ပြည်တွင်းမှာဖြစ်နေတဲ့ ပဋိပက္ခ နောက် ငြိမ်းချမ်းရေးကိစ္စတွေမှာရော တရုတ်က ဝင်ရောက်ပြီးတော့ ကိုင်တွယ်ဖြေရှင်းတာ စေ့စပ်ညှိနှိုင်းပေးတာမျိုးလုပ်ရင် တစုံတရာ ပြေလည်နိုင်မယ့်အနေအထား ဆရာတို့တွေ့ရလား?

    ဖြေ ။ ။ အဲဒီတော့ ဒီစကားကတော့ တရုတ်က အဲလောက်ထိလည်း ထဲထဲဝင်ဝင် ပါဝင်ချင်ပုံတော့မရဘူး သူ ပါဝင်ပေမယ့် တော်လှန်ရေးအင်အားစုတွေအားလုံးက သူ့နောက်မှာရှိမှာမဟုတ်ဘူး FPNCC မြောက်ပိုင်းမဟာမိတ်အဖွဲ့ကတော့ ဆက်နွယ်မှုရှိတဲ့အတွက် ဖိအားပေးတယ်လို့တော့ ပြောပြော လက်တွဲခေါ်တယ်လို့ပြောပြော လိုက်ပါကောင်းလိုက်ပါနိုင်တယ်။ ဒါပေမယ့် အခုလောလောဆယ်ဖြစ်နေတဲ့ NUG တို့လို PDF တို့လို အဲလို နိုင်ငံရေး ရှေ့တန်းကိုရောက်နေတဲ့အဖွဲ့ကိုပေါ့နော် လက်နက်ကိုင် တခြားလက်နက်ကိုင်အင်အားစုတွေပေါ့ အဲဒါတွေ အကုန်လုံးကိုတော့ သူ ဦးဆောင်နိုင်မယ်လို့တော့ မထင်ဘူးပေါ့နော် သူ့မှာလည်း သူ့အကြောင်းသူရှိမယ် ဒါပေမယ့် မြောက်ပိုင်းဒေသပေါ့ တရုတ်နယ်စပ်ကိုတော့ သူ့ဘက်က တည်ငြိမ်အောင် ထိန်းဖို့ဆိုတာက ဒီ FPNCC နဲ့ သူ့အနေနဲ့ လက်တွေ့ကျကျ လုပ်တာကတော့ မှန်ပါတယ်။ တနိုင်ငံလုံးကို ဦးဆောင်ပြီးတော့ သူလုပ်မယ် ဖိအားပေးလိုလုပ်မယ်ဆိုတာတော့ မဖြစ်နိုင်သေးဘူးဗျ ကျွန်တော့်အဲလိုပဲ မြင်ပါတယ်။

    မေး ။ ။ ပြီးခဲ့တဲ့ရက်ပိုင်းက NUG ကနေပြီးတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံရေးမှတ်ပုံတင်တာတို့ မှတ်ပုံတင်တဲ့နိုင်ငံရေးပါတီတွေကို စစ်ကောင်စီနဲ့ ပူးပေါင်းတဲ့အဖွဲ့အစည်းတို့ ဘာတို့ အဲလိုမျိုး စွပ်စွဲတာ ကြတော့ ဘယ်လိုမြင်လဲ နိုင်ငံရေးပါတီကျတော့ တိုင်းရင်းသားအင်အားစုတွေလည်း ရှိနေတော့လေ။

    ဖြေ ။ ။ ဟုတ်ပါတယ်။ ဒီနိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်းဥပဒေအရပေါ့နော် ဒီလနှောင်းပိုင်းမှာဆိုရင် သူတို့က မဖြစ်မနေ မှတ်ပုံတင်ပြီးဖြစ်ရမယ့်သဘောရှိတယ်။ နို့မဟုတ်ရင်တော့ သူတို့ ပါတီအလိုလိုရပ်စဲသွားမှာပေါ့ လောလောဆယ် ဒီပါတီတွေက သူတို့ရဲ့ ပြောရေးဆိုရေးပေါ့ သူတို့တစုံတခု အသံထွက်နိုင်ဖို့အတွက် သူတို့ပါတီရှိဖို့ လိုအပ်တယ်ဆိုတဲ့ပုံစံပေါ့ အဲဒီကတဆင့် သူတို့ ရွေးကောက်ပွဲကို ဝင်ရောက် ယှဥ်ပြိုင်ကောင်း ယှဥ်ပြိုင်မှာပေါ့ အဲလိုအနေအထားမျိုးကြောင့် အခုအခါမှာ ပါတီတွေ အဲလိုအကြောင်းပြချက်တွေနဲ့ ပါတီတွေ ပြန်ဖွဲ့လာတာတွေ့ရတယ်။ ဆိုတော့ အဲလိုဖွဲ့ပြီးတော့ ရွေးကောက်ပွဲပြိုင်မယ်ဆိုရင် ပထမ ကျွန်တော်တို့က အရင်ရွှေးကောက်ပွဲဟာ စစ်ကောင်စီက အကြောင်းပြချက်နဲ့ မဲမသမာမှုကြောင့်နဲ့ အာဏာသိမ်းလိုက်ရတယ်ဆိုတဲ့အကြောင်းကို ဒီပါတီတွေက လက်ခံရာရောက်တာပေါ့ ပထမတချက်က ဒါ စစ်ကောင်စီရဲ့ အခင်းအကျဥ်းမှာ ပြန်ပြီးတော့ ဒုတိယအကြိမ်ပေါ့နော် ၂၀၂၀ ရွှေးကောက်ပွဲမဟုတ်ပဲနဲ့ အသစ်တဖန်ပြန် ရွှေးကောက်ပွဲဝင်မယ်ဆိုတဲ့အခါမှာ ဒီပါတီတွေရဲ့သဘောထားက ဘယ်လိုပဲရှိရှိ ဒါ စစ်ကောင်စီရဲ့ အာဏာသိမ်းတယ်ဆိုတာ မှန်တယ်။ ဒါကြောင့်လည်း ငါတို့ ရွေးကောက်ပွဲအသစ်မှာ ပြန်ဝင်မယ်ဆိုတဲ့သဘောပေးရာရောက်တယ်။ ဒုတိယတစ်ချက်က တိုင်းရင်းသားပါတီတွေ တချို့ပါတီတွေမှာ နိုင်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရှိတယ် ၂၀၂၀ မှာ ရွေးကောက်ပွဲရလဒ်မှာ အဲဒီလူတွေကိုလည်း အသိအမှတ်မပြုရာရောက်တယ်။ ဒါက မင်းတို့ မဲမသမာမှုကြောင့် ခံရတာပဲ ကိုယ့်ရဲ့ မဲအနိုင်ရမှုကို အသိအမှတ်မပြုဘူးဆိုတဲ့ အချင်းချင်းမှာလဲ အဲလိုသဘောထားပေးရာရောက်တယ်။ ကျွန်တော်မြင်တယ် နောက်တချက်ကတော့ ဒီရွေးကောက်ပွဲက တနိုင်ငံလုံး တကမ္ဘာလုံးက Free and Fair မဖြစ်ဘူးဆိုတာ ပြောနေကြတယ် ပြီးတော့ ဒီအာဏာသိမ်းခြင်းကိုယ်၌က အကြောင်းပြချက်သာဖြစ်တယ်။ တကယ်တမ်းကျတော့ အဓမ္မအာဏာသိမ်းတယ်ဆိုပြီးတော့ အကုန်လုံးက မြင်ကြတယ်။ ဒုတိယအကြိမ် အဲဒါကိုဖြတ်ပြီးတော့ ပြန်ပြီးတော့ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် ဒီအချိန်မှာတော့ စစ်ကောင်စီအစိုးရက တနိုင်ငံလုံးမှာ လက်ရဲ ဇတ်ရဲနဲ့ သတ်တာတွေ ဖြတ်တာတွေ မီးရှို့တာတွေ အရင်ကတော့ EAO တွေ အခုဆိုရင်တော့ တနိုင်ငံလုံး ဗမာဒေသတွေမှာ ဖြစ်လာပြီး အဲလိုလုပ်နေတဲ့အစိုးရဆိုတဲ့လူတွေရဲ့ လုပ်ရပ်အပေါ်မှာ ရွေးကောက်ပွဲအပေါ်မှာ ကျွန်တော်တို့က အသိအမှတ်ပြုပြီးတော့ ဝင်ကြမလား သွေးစွန်းတဲ့လက်နဲ့ ပေးကြတဲ့အစာကို စားကြမလားပေါ့နော် အဲလိုဟာမျိုးကိုတော့ နိုင်ငံရေးဂုဏ်သိက္ခာအရ ဒီပါတီတွေ ဒီပုဂ္ဂိုလ်တွေက စဥ်းစားဖို့လိုတယ်။ အဲလို တဘတ်သတ်လုပ်မယ့်ရွေးကောက်ပွဲပေါ့ဗျာ NLD လို အတိုက်အခံပါတီလဲမရှိဘူး တခြားပါတီတွေကိုလည်း  စည်းဝိုင်းထဲမှာပေါ့နော် ကြိုးတုတ်ပြီးတော့ အနိုင်ယူမယ့်ပုံစံမျိုးပေါ့ သူတို့မှာ မလုပ်ရဲတာ ဘာမှမရှိတော့ဘူး နောက်လည်း ရွေးကောက်ပွဲကို ကြိုက်သလို ပုံဖော်လိမ့်မယ် သူတို့ဘက်က အပြတ်အသတ် အနိုင်မရဘူးဆိုရင် အဲဒီရွေးကောက်ပွဲကလည်း အကြောင်းတခုခုပြပြီးတော့ ဖျက်သိမ်းမှာပဲ အဲလိုမျိုးကို သိလည်း သိထားတယ် သူ့ရဲ့ လက်စလက်နကိုလည်း ကိုယ်ကနားလည်ပြီးသားဆိုတော့ အဲလိုမျိုးကို ယုံကြည်ရပါ့မလား နောက်တကြိမ်ကော အာဏာထပ်မသိမ်းနိုင်ဘူးလား နောက်ပြီးတော့ ရွေးကောက်ပွဲက ဘယ်မှာလဲ ဘယ်တော့လဲဆိုတဲ့ မေးခွန်းတွေလည်းရှိတယ်။ ဆိုတော့ ကျွန်တော်တို့က အဲဒါတွေ ဘာမှမသေချာပဲနဲ့ ပါတီထောင်မယ် နောက်ပြီးတော့  မှတ်ပုံတင်မယ် နောက်ပြီးတော့ ရွေးကောက်ပွဲဝင်မယ်လို့ ပြောနေတာကိုက သိပ်ပြီးတော့ နိုင်ငံရေးအားချင်းဂုဏ်သိက္ခာမရှိဘူးလို့ မှတ်ချက်ပြုချင်တယ် ဥပမာပြောရမယ်ဆိုရင် မစင်ပုံကို လက်နဲ့ယက်ပြီးတော့ ရွှေချောင်း ငွေချောင်းများတွေ့မလားလို့ အဲလိုရှာနေတဲ့လူမျိုးပေါ့နော် တကယ်တော့ ရွှေချောင်းငွေချောင်းမတွေ့နိုင်ဘူး အဲမစင်ပုံက လက်တွေ ကိုယ်တွေမှာ ပေကျန်လိမ့်မယ် မစင်နဲ့တွေပဲ တကိုယ်လုံးကို နံနေလိမ့်မယ်လို့ အဲလိုပဲ ကျွန်တော်မှတ်ချက်ပြုချင်တယ်။

    မေး ။ ။ ပြည်တွင်း ပဋိပက္ခ ချုပ်ငြိမ်းရေး တရုတ်က ကြားဝင်မှုကို ထောက်ခံကြိုဆိုတယ်ဆိုတာနဲ့ ပတ်သက်ပြီး ဆရာ့အနေနဲ့ ဘာများဖြည့်စွတ်ပြောကြားလိုသေလဲဗျ။

    ဖြေ ။ ။ တရုတ်ရဲ့ကြားဝင်မှုက ငြိမ်းချမ်းရေးတခုလုံးအတွက်ရဖို့ တော်တော့်ကိုအလှမ်းဝေးပါတယ်။ ဒါပေမယ့် တရုတ်အနေနဲ့ ပြောပြီးတော့ ဘယ်သူနဲ့ ဒီဘက်အစိုးရအနေနဲ့ကော သူ့အနေနဲ့ ဘယ်လောက်ထိတီးလုံးတိုက်ထားပြီးသားရှိလဲ ပြီးတော့ တရုတ်က ကြားဝင်ပေးပါလို့ ဒီဘက်က အကူအညီတောင်းနေလား တခြားတိုင်းရင်းသားတွေရဲ့သဘောထားက ဘယ်လိုလဲ NUG တို့ CRPH တို့ သဘောထားက ဘယ်လိုလဲ အဲလိုအကုန်လုံးပါဝင်နိုင်တဲ့ ငြိမ်းချမ်းရေးတခုကို တရုတ်က ဦးဆောင်နိုင်တယ်ဆိုရင်တော့ တမျိုးပေါ့နော် ဒါက အနည်းဆုံးအနေနဲ့ အသိသက်သေအနေနဲ့ ဖြစ်ကောင်းဖြစ်နိုင်မယ် ဒါပေမယ့် FPNCC ကိုယ်စားပြုပြီးတော့ လုပ်မယ်ဆိုရင်တော့ FPNCC ရဲ့အပေါ်မှာပဲ သူ့အနေနဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မယ် တနိုင်ငံလုံးကို တည်ဆောက်နိုင်မှာမဟုတ်ဘူး အထူးသဖြင့်နယ်စပ်ဒေသ တည်ငြိမ်အောင်ထိန်းဖို့အတွက်ပဲ လုပ်နိုင်လိမ့်မယ် တခြားနေရာမှာ တိုက်ပွဲမဖြစ်ပါနဲ့လို့ ပြောပေမယ့် ဒီဘက်က FPNCC ကို တရုတ်အနေနဲ့ တိုက်ပွဲမဖြစ်ဖို့ ဘယ်လောက်ပဲပြောပြော လက်နက်ကိုင်အဖွဲ့အစည်းတွေရှိတဲ့ဒေသမှာ စစ်ကောင်စီဘက်က စစ်ဆင်ရေးလုပ်လာပြီးဆိုရင် ဘယ်လိုလုပ်ကြမလဲပေါ့နော် ဘယ်လောက်အထိကာကွယ်ပေးမလဲ ဘယ်လိုကတိကဝတ်တွေရှိမလဲ အဲဒါတွေကလည်း အရေးကြီးတယ် ပြီးတော့ အခု လုပ်တာကတော့ ကျွန်တော့်အမြင်တော့ ဒီပလိုမေစီအနေနဲ့ပေါ့နော် တဘက်နဲ့တဘက်ပြောနေကြတဲ့စကားလောက်ပဲ ကျွန်တော်မြင်တယ် အဲဒီထက်ပိုပြီးတော့ စွဲဆန့်ချင်တယ် ပိုပြီးတော့ ခရီးရောက်ချင်တယ်ဆိုရင်တော့ အဖက်ဖက်က စဥ်းစားရမယ့်ကိစ္စတွေအများကြီးရှိတယ် ဘက်ပေါင်းစုံပါဝင်လာဖို့လိုတယ်။ အဲဒါကြောင့် ကျွန်တော်ကတော့ ဒီဟာကိုတော့ လောလောဆယ် ဒီလောက်နဲ့ပဲ အဆုံးသတ်နေလိမ့်မယ် ဘာမှရှေ့တိုးလုပ်ဆောင်ရနိုင်မယ်လို့တော့ ကျွန်တော်တော့ မထင်ဘူးဗျ။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    31,500SubscribersSubscribe
    spot_img

    Latest posts