spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းစစ်တပ်အာဏာသိမ်းပြီး ၂ နှစ်အတွင်း KNU နယ်မြေက အရပ်သား ၂၀၀ ကျော်သေ၊ ၅၀၀ နီးပါး ဒဏ်ရာရ

    စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်အတွင်း KNU နယ်မြေက အရပ်သား ၂၀၀ ကျော်သေ၊ ၅၀၀ နီးပါး ဒဏ်ရာရ

    -

    စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်တာကာလအတွင်း ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်မှုနယ်မြေတွင် စစ်ကောင်စီတပ်တို့၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အရပ်သားပြည်သူ ၂၀၀ ကျော်သေဆုံးပြီး၊ ၅၀၀ နီးပါး ဒဏ်ရာရရှိခဲ့ကြောင်း KNU မှ ထုတ်ပြန်လိုက်သည့် အစီရင်ခံစာက ဖော်ပြထားသည်။

    စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အတွင်း KNU အုပ်ချုပ်မှုနယ်မြေက လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေကို “မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှုများကြောင့် ရှင်သန်မှု ပျောက်ဆုံးနေသော လူသားဘဝများ” ဆိုသည့် အစီရင်ခံစာတစ်ရပ်ကို KNU ဗဟိုက မတ်လ ၂၇ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

    အစီရင်ခံစာတွင် စစ်တပ်အာဏာသိမ်းပြီးနောက် KNU လက်အောက်ခံတပ်နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပေါင်း ၇၅၀၀ ကျော်ဖြစ်ပွားခဲ့ပြီး၊ စစ်ကောင်စီတပ်ဘက်က လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်မှု အကြိမ်ပေါင်း ၁၅၀၀ နီးပါးရှိခဲ့သည်ဟု ရေးသားထားသည်။

    KNU နယ်မြေအတွင်း စစ်ကောင်စီတပ်၏ နည်းအမျိုးမျိုးနှင့် လူ့အခွင့်အရေး ချိုးဖောက်ခဲ့ခြင်း‌များ‌ကြောင့် ကျေးရွာနေ ပြည်သူ ၂၀၀ ကျော်သေဆုံးခဲ့ရပြီး၊ ပြည်သူ ၅၀၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

    ၎င်းပြင် စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးခြင်း၊ အကြောင်းမဲ့ ဖမ်းဆီးခြင်းများကြောင့် ပြည်သူပေါင်း ၁၃၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး လက်ရှိအချိန်ထိ လွတ်မြောက်လာမှု မရှိသူများနှင့် သတင်းအစအနပင် မကြားရသေးသည့် ပြည်သူအများအပြားရှိနေ ကြောင်းလည်း အစီရင်ခံစာတွင် ဖေါ်ပြထားသည်။

    စစ်ကောင်စီတပ်တို့၏ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အဆောက်အဦးအလုံး ၂၀၊ ဆေးရုံ ၆ လုံး၊ စာသင်ကျောင်း ၁၃ ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်း ၈ ကျောင်း၊ ဘုရားကျောင်း ၆ ကျောင်း လူနေအိမ် ၈၈၂ လုံး ပျက်ဆီးခဲ့ရကြောင်း အစီရင်ခံစာက ဆိုထားသည်။

    KNU ခရိုင် ၇ ခု ရှိသည့်အနက် ဖားအံခရိုင်ကလွှဲပြီး အခြားခရိုင် ၆ ခုတွင် စစ်ကောင်စီတပ်တို့က အဆမတန် အင်အား တိုးချဲ့လာမှုများကြောင့် KNU လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA နှင့် တိုက်ပွဲများ တစ်ဖန်ပြန်လည်ဖြစ်ပေါ်လာခဲ့သည်။

    အကြမ်းမဖက် လူထုအာခံလှုပ်ရှားမှုများတွင် ပါဝင်သူများကို ပံ့ပိုးကူညီနေသည့် အတွက်ကြောင့်လည်း KNU ကို စစ်ကောင်စီက ပိုမိုရန်မူလာခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

    စစ်ကောင်စီတပ်သားများသည် ကေအဲန်ယူ ခရိုင် ၇ ခုအတွင်းရှိ ဌာနေတိုင်းရင်းသားလူမျိုးများနှင့် ကလေးသူငယ်၊ မသန်စွမ်း၊ အမျိုးသမီးနှင့်  အမျိုးသားများအပေါ် လေယာဉ်၊ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လူသားဒိုင်းအသုံးပြုစေခိုင်းခြင်း၊ ပေါ်တာဆွဲခေါပြီး အဓမ္မစေခိုင်းခြင်း၊ ကျေးရွာများအတွင်း လုယက်ဖျက်ဆီးမီးရှို့ခြင်း အစရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုအမျိုးမျိုးကို နေ့စဥ် ကျူးလွန်လျက်ရှိကြောင်း အစီရင်ခံစာတွင် ရေးသားထားသည်။

    စစ်ကောင်စီတပ်တို့၏ စစ်ရေးချိုးဖောက်မှုနှင့် ပြည်သူအပေါ်ပစ်မှတ်ထားပြီး လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုများကြောင့် ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းက ပြည်သူလူထု ၃၆၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရသည်။

    လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်နေရသူများ အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်လျက်ရှိကြောင်း KNU က ထုတ်ပြန်ထားသည့်အစီရင်ခံစာတွင် ပါရှိသည်။

    Photo- တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ရသည့် ပြည်သူများ

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks