“လက်ရှိက သူ့ကို ကိုယ်ကြည့်မရ ကိုယ့်ကို သူကြည့်မရပေါ့ နှစ်ဖက်က အဲလိုအနေအထားဖြစ်နေတော့ ကြောက်နေရတာပေါ့။ ရွာမှာလည်း အချို့လူတွေက မနေရဲကြတော့ဘူး။ ရွှေ့ပြောင်း သွားကုန်ပြီး"ရေးမြို့ နယ်ဇာတိတဦးက အခုကဲ့သို့ ပြောကြားပါသည်။
ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်မှ ဦးဆောင်သည့် ၂၀၂၁ အာဏာသိမ်းမှုအပြီး ရေးမြို့ နှင့် ရေးမြို့ နယ်အတွင်းရှိ ပြည်သူများ အခြေအနေက ယခင်ကနှင့် မတူတော့ပါ။ မွန်လူမျိုးအများစု နေထိုင်သည့် ရေးမြို့နယ်ကား ယခုအခါ ပဋိပက္ခများနှင့် ပြည့်နှက်နေသည့်ဒေသဖြစ်သည့်အပြင် တဦးနှင့်တဦး အယုံအကြည်မဲ့လာပြီး ဒေသအတွင်း စီးပွားရေးအခြေအနေ ဆိုးဝါးလာသည်။
ရေးမြို့ နယ်သည် မွန်ပြည်နယ်တောင်ပိုင်းတွင် ရှိပြီး လူဦးရေအားဖြင့် (၃) သိန်းခန့် ရှိသည်။ ဧရိယာအားဖြင့် မွန်ပြည်နယ်တွင် အကြီးမားဆုံးဖြစ်ပါသည်။ နယ်မြေ ကျယ်ပြန့်သည့်အလျောက် စိုက်ပျိုးရေးလုပ်ငန်းအထွက်ကုန်ဖြင့် ဝင်ငွေအများဆုံးရရှိသည့် ဒေသလည်းဖြစ်ပေသည်။ သို့ သော် ယနေ့ နိုင်ငံရေးအခြေအနေအရ ရေးမြို့နယ်အခြေအနေ မကောင်းမွန်တော့ပါ။
မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် ပဋိပက္ခများကြောင့် ဒေသခံအချို့ နေရပ်စွန့်ခွာ ရွှေ့ပြောင်းလာကြသည်ဟု ဒေသခံတို့ထံမှ သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရေးမြို့နယ်အတွင်း၌ စစ်ကောင်စီတပ်နှင့် ဒေသတွင်း လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား စစ်ရေးပဋိပက္ခများ ပြင်းထန်လာသည့်အပြင် အပြန်အလှန်စွပ်စွဲကာ တစ်ဘက်နှင့် တစ်ဘတ် သတ်ဖြတ်နေမှုများကြောင့် ဒေသခံများ ထိန့်လန့်ကြောက်ရွံ့ကာ နေရပ်စွန့်ခွာ ရွှေ့ပြောင်းရသည့်အခြေအနေဖြစ်လာခဲ့သည်ဟုလည်း ဒေသခံတို့က ဆိုသည်။
စီးပွားရေးလုပ်ငန်းရှင်များ ငွေကြေးတတ်နိုင်သူများက မော်လမြိုင်၊ ရန်ကုန်၊ မန္တလေး အစရှိသည့် မြို့ကြီးများထံ ရွှေ့ပြောင်းသွားကြပြီး အချို့က နီးစပ်ရာ ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းသွားကြသည်ဟု ရေးမြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
“ရေးမြို့က ပြောင်းသွားတဲ့သူတွေ တော်တော်များများတော့ရှိမယ် ထင်တယ်။ သိရသလောက် နီးစပ်ရသလောက် ကိုယ်တွေနဲ့ သိတဲ့လူတောင်မှ ၁ဝ ယောက်လောက်ရှိတယ်။ လုပ်ငန်းရှင်တွေ အချို့ ရန်ကုန်မှာ အိမ်ရှိတဲ့လူတွေ ဟိုမှာပဲ သွားနေကြတာ များတယ်။ အခြားလူတွေလည်း ရှိမှာပေါ့” ဟု ၎င်းက ဆက်ပြောသည်။
ပစ်ခတ်တိုက်ခိုက်မှု မကြာခဏဖြစ်ပွားနေသည့်အပြင် အရပ်သား ပစ်ခတ်သတ်ဖြတ်ခံရမှုများ ဆက်တိုက်ဖြစ်ပွားနေသည့် လူဦးရေ ၅၀၀၀ ခန့်ရှိသည့် ရေးမြို့နယ် ကျောင်းရွာကျေးရွာမှာ ဆိုလျှင် လက်ရှိ လူဦးရေ ထက်ဝက်ခန့်သာ ကျန်ရှိတော့ကြောင်း ဒေသခံတို့က ပြောသည်။
“လက်ရှိက သူ့ကို ကိုယ်ကြည့်မရ ကိုယ့်ကို သူကြည့်မရပေါ့ နှစ်ဖက်က အဲလိုအနေအထားဖြစ်နေတော့ ကြောက်နေရတာပေါ့။ ရွာမှာလည်း အချို့လူတွေက မနေရဲကြတော့ဘူး။ ရွှေ့ပြောင်း သွားကုန်ပြီး။ ဒီမှာအလုပ်ရှိတဲ့လူတွေ ခြံရှိတဲ့လူတွေ ယာရှိတဲ့လူတွေပဲလောက် နေကြတော့တယ်။ သာမာန်လူတွေကျတော့ မနေကြတော့ဘူး ပြောင်းကုန်ပြီး” ဟု ကျောင်းရွာကျေးရွာခံ အမျိုးသားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မတ်လ ၁၅ ရက်နေ့က အရပ်သားတစ်ဦးကို ရေးဘီလူးအဖွဲ့က ပစ်သတ်ခဲ့သည့်ဖြစ်စဥ် ဖြစ်ပြီးနောက် ကျောင်းရွာကျေးရွာနှင့် ဆက်သွယ်ထားသည့်လမ်းကို စစ်ကောင်စီတပ်တို့က ပိတ်ထားခဲ့သည့်အပြင် ကျောင်းရွာနှင့် ကျေးရွာချင်းဆက် ချောင်းကူးဝါးတံတားကိုလည်း ဖျက်ဆီးပစ်ခဲ့သည်။
ပစ်ခတ်တိုက်ခိုက်များ မကြာခဏဖြစ်ပွားနေသည့် ရေးမြို့နယ်ကို ဖေဖော်ဝါရီ ၂ ရက်နေ့ကစပြီး စစ်ကောင်စီက စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာခဲ့သည့်အပြင် ည ၆ နာရီမှ မနက် ၆ နာရီအထိ ညမထွက်ရအမိန့်ကိုလည်း ထုတ်ပြန်ခဲ့သည်။
ထိုကဲ့သို့ လုံခြုံမှုမရှိတော့သည့်အပြင် စစ်အုပ်ချုပ်ရေးကြေညာပြီးနောက်ပိုင်း အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်ရန်၊ စီးပွားရေးလုပ်ငန်း ဆက်လက်လုပ်ကိုင်ရန် အဆင်မပြေတော့သည့်အတွက် ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းသွားရောက်အလုပ်လုပ်ကိုင်လာကြသူလည်း များလာသည်ဟု ဒေသခံတို့က ပြောသည်။
“အိမ်လည်း ရှိနေတယ်။ ခြံလည်း ရှိနေတော့ အကုန်လုံး ထွက်လာလို့မရဘူးလေ အလုပ်လုပ်နိုင်တဲ့လူက အလုပ်လုပ် မလုပ်နိုင်တဲ့လူက အိမ်မှာနေ အဲလို လုပ်ရတယ်။ အစက ကိုယ့်စီးပွားရေးက စားသောက်ဆိုင်ပေါ့။ ည ၆ နာရီ အပြင်မထွက်ရဆိုပြီး အချိန်ကန့်သတ်လိုက်တော့ အပြင်ထွက်တဲ့လူလည်းမရှိ ဆိုင်လည်းရောင်းမကောင်းတော့ သူများနိုင်ငံရာက်လာတယ်” ဟု ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းလာသူ အမျိုးသမီးတစ်ဦးက ပြောသည်။
ရေးမြို့နယ်အတွင်း စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား ပစ်ခတ်တိုက်ခိုက်မှု မကြာခဏဖြစ်ပွားနေသည့်အပြင် စစ်ကောင်စီယာဥ်တန်းများ စစ်ကောင်စီတပ်စခန်းများ စစ်ဆေးရးဂိတ်များ ပစ်ခတ်တိုက်ခိုက်ခံရမှုလည်း ဆက်တိုက်ဖြစ်ပွားနေသည်။
၎င်းပြင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးများ ပစ်ခတ်တိုက်ခိုက်ခံရခြင်း၊ ဝန်ထမ်းများ ပစ်သတ်ခံရမှုလည်း ရှိခဲ့သည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ရေးမြို့နယ်အတွင်း၌ စစ်ကောင်စီတပ်ဖွဲ့တို့ ပစ်ခတ်မှုကြောင်း အသက်သေဆုံးခဲ့ရသည့် အရပ်သားရှိသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ဘက်က ပစ်ခတ်မှုကြောင့် အသက်သေဆုံးခဲ့ရသူလည်း ရှိခဲ့သည်။
၂၀၂၀ ရွေးကောက်ပွဲတွင်ကား ရေးမြို့ နယ်ရှိ မွန်ပြည်သူများကား မွန်ညီညွတ်ရေးပါတီမှ ပြည်ထောင်စုအဆင့် ကိုယ်စားလှယ်များ၊ ပြည်နယ်အဆင့် ကိုယ်စားလှယ်များကို ရွေးချယ်ခဲ့သည်။ စစ်ကောင်စီမှ ရွေးကောက်ပွဲရလာဒ်ကို အသိအမှတ်မပြုပဲ အာဏာသိမ်းလိုက်သည်။ အခြား အင်အားကြီးပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကဲ့သို့ ပင် မွန်ညီညွတ်ရေးပါတီကလည်း အာဏာသိမ်းခြင်း ခံရသည်။
စစ်အာဏာသိမ်းခြင်း၏ နောက်ဆက်တွဲအကျိုးဆက်ကား စစ်ရေးပဋိပက္ခပင် ဖြစ်သည်။ လက်နက်ရှိပြီး အများပြည်သူတို့ အား အနိုင်ကျင့်သည်ကို ပြည်သူများ မခံမရပ်နိုင်တော့သည့်အတွက် လက်နက်ကိုင်တွန်းလှန်ကြပါသည်။ အထူးသဖြင့် ရေးမြို့ နယ်မှ ယခင်က မွန်ညီညွတ်ရေးပါတီအား မဲရရှိရေးအတွက်လှုပ်ရှားခဲ့ မဲပေးခဲ့သည့် မွန်လူငယ်အများအပြားမှာ စစ်အာဏာရှင်ကို ဆန့်ကျင်သည့်တော်လှန်ရေးတွင် ပါဝင်ခဲ့သည်။ အချို့လူငယ်များမှ တရားလက်မဲ့ သတ်ဖြတ်ခံရသည်။ အချို့ ကား ဖမ်းဆီးခံရခြင်းတို့ ကြောင့် လူငယ်များအတွက် လက်နက်ကိုင် တော်လှန်ခြင်းမှတပါး ရွေးချယ်စရာလမ်းများကား နည်းပါးသည်။