မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ကျေးရွာရှိ မရမ်းချောင်စစ်ဆေးရေးဂိတ်ကို ကရင်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဒရုန်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မတ်လ ၂၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်အချိန်ခန့်က မရမ်းချောင်စစ်ဆေးရေးဂိတ်ကို ကျိုက်ထိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF) နှင့် KNLA, PDF ပူးပေါင်းတပ်ဖွဲ့တို့က ဒရုန်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဒရုန်ဖြင့် ဗုံးကြဲချခဲ့မှုကြောင့် မရမ်းချောင်းစစ်ရေး ဂိတ် အမှတ် ၃ နေရာတွင် ၁ လုံး၊ မူးယစ်တပ်ဖွဲ့အိပ်ဆောင်တွင် ၁ လုံး၊ ဂိတ်အမှတ် ၁ အနီးတွင် ၄ လုံး စုစုပေါင်း ၆ လုံးကျရောက်ပေါက်ကွဲခဲ့သည်ဟု ကျိုက်ထိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF) က ထုတ်ပြန်ထားသည်။
ပေါက်ကွဲမှုကြောင့် ဂိတ်တာဝန်ကျ ရဲ ၃ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒါဏ်ရာရခဲ့ကြောင်း ကျိုက်ထိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF) က ထုတ်ပြန်ထားသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။
၎င်းပြင် မတ်လ ၂၇ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် ကျိုက်ထိုမြိုနယ်၊ လက်ပံပင်သုင်္သာန်တွင် စခန်းချထားသည့် စစ်ကောင်စီတပ်ဖွဲ့ကိုလည်း KNLA, PDF,TPDF ပူးပေါင်းတပ်ဖွဲ့တို့က ဒရုန်ဖြင့် ထပ်မံတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီအဖွဲ့ဘက်က ၅ ဦးထက်မနည်း ထိခိုက်မှုရှိသည်ဟု ထုတ်ပြန်ထားသည်။
ပြည်သူလူထုအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ဂိတ်စခန်းများနှင့် စစ်ယာဉ်တန်းများနှင့် ဝေးဝေးနေပေးကြပါရန် ကျိုက်ထိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF) က မေတ္တာရပ်ခံ ထုတ်ပြန်ထားသည်။
