spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းသံဖြူဇရပ်မြို့နယ်တွင် ရိုဟင်ဂျာ ၁၄၅ ဦး ဖမ်းဆီးခံရ

    သံဖြူဇရပ်မြို့နယ်တွင် ရိုဟင်ဂျာ ၁၄၅ ဦး ဖမ်းဆီးခံရ

    -

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ထင်းရူးကျေးရွာအုပ်စု ဝင်းစိန်ကျေးရွာအနီး ရော်ဘာခြံတွင် အထောက်အထားမဲ့ ရိုဟင်ဂျာလူမျိုး ၁၄၅ ဦး ဖမ်းဆီးခံခဲ့ရပြီး ၎င်းတို့အား တင်ဆောင်လာသည့် စက်လှေနှင့် လှေသားများပါ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

    သံဖြူဇရပ်မြို့နယ် ဝင်းစိန်ကျေးရွာအနီး ရော်ဘာခြံများအတွင်း ရိုဟင်ဂျာများ ရောက်ရှိနေကြောင်း သတင်းအရ စစ်ကောင်စီတပ်၊ လ.ဝ.က၊ လုံခြံရေးရဲတပ်ဖွဲ့နှင့် မတ်လ ၂၄ ရက်နေ့ နံနက် ၆ နာရီအချိန်ခန့်က သွားရောက်ရှာဖွေခဲ့ရာ ရိုဟင်ဂျာများအား ဖမ်းဆီးရခြင်းဖြစ်သည်။

    “မနေ့မနက် ၆ နာရီကနေစပြီးတော့ ရှာဖွေရေးလုပ်ဆောင်ခဲ့တာ၊ မွန်းလွဲ ၁ နာရီလောက်အထိကို ရော်ဘာခြံတွေအတွင်းကနေ ရိုဟင်ဂျာ ကျား ၉၁ ဦး၊ မ ၅၄ ဦးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဖမ်းဆီးရမိခဲ့တဲ့ ရိုဟင်ဂျာတွေကိုတော့ သံဖြူဇရပ်မြို့၊ ဘောလုံးကွင်းမှာရှိတဲ့ အားကစားခန်းမှာ ထားရှိပြီးတော့ စစ်ဆေးမှုတွေလုပ်ဆောင်နေတယ်” ဟု လုံခြုံရေးရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    ယင်းနောက် မတ်လ ၂၄ ရက်နေ့ ညနေ ၅ နာရီကျော်အချိန်ခန့်တွင် မုတ္တမပင်လယ်ကွေ့၊ သံဖြူဇရပ်မြို့နယ် ကြက်သွန်ကျွန်းမီးပြတိုက်အရှေ့ဘက် ရေမိုင် (၁.၅) မိုင်ခန့်အကွာ ပင်လယ်ပြင်တွင် လှေသား ၇ ဦးပါသည့် စက်လှေတစ်စီးကို ရေတပ်က ဖမ်းဆီးရမိခဲ့သည်။

    အဆိုပါလှေသည် ဝင်းစိန်ကျေးရွာအနီး ရော်ဘာခြံများအတွင်း ဖမ်းဆီးရမိခဲ့သည့် ရိုဟင်ဂျာများ တင်ဆောင်လာကာ ပင်လယ်ကမ်းခြေအနီးတွင်ချထားပေးပြီး ပြန်လည်ထွက်ခွာလာသည့်လှေဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတို့ထံမှ သိရသည်။

    စက်လှေနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် လှေသား ၇ ဦးကိုလည်း သက်ဆိုင်ရာက စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း ဆိုသည်။

    ဇန်နဝါရီလအတွင်းကလည်း ကျိုက်ထိုမြို့နယ်ရှိ မရမ်းချောင်းစစ်ဆေးရေးဂိတ်တွင် ရိုဟင်ဂျာ ၆ ဦး၊ ဖေဖော်ဝါရီလက မုဒုံမြို့နယ် ဝဲကလိကျေးရွာနှင့် ကမာအုပ်ကျေးရွာအကြား ဓနိတောတွင် ကလေးအပါအဝင် ရိုဟင်ဂျာ ၄၀ ဦး ဖမ်းဆီးခံခဲ့ရသည်။

    ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းကလည်း မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရေးမြို့နယ်၊ မုဒုံမြိုနယ်၊ မော်လမြိုင်မြို့နယ်အတွင်း ရိုဟင်ဂျာ ၂၃၀ ဦးကျော် ဖမ်းဆီးခံခဲ့ရသည်။

    မွန်ပြည်နယ်အတွင်း ဖမ်းဆီးရမိခဲ့သည့် ရိုဟင်ဂျာများသည့် ထိုင်းနိုင်ငံ ထိုမှတဆင့် မလေးရှားနိုင်ငံသို့ သွားရောက်ရန် ပွဲစားဖြင့် ရောက်ရှိလာသူများဖြစ်သည်။

    စစ်တပ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အပါအဝင် နိုင်ငံတ၀ှမ်းတွင် အထောက်အထားမဲ့ ရိုဟင်ဂျာလူမျိုးများ ဖမ်းဆီးခံရသည့် ဖြစ်စဉ် မကြာခဏဖြစ်ပွားလေ့ရှိနေသည့်အပြင်း တချို့ဆို တရားခံမပေါ်ဘဲ လမ်းတွင်ပင် သတ်ဖြတ်ခံရသည့်ဖြစ်စဥ်လည်း ရှိနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks