Homeသတင်းသံဖြူဇရပ်မြို့နယ်တွင် ရိုဟင်ဂျာ ၉ ဦး ဖမ်းဆီးခံရ

သံဖြူဇရပ်မြို့နယ်တွင် ရိုဟင်ဂျာ ၉ ဦး ဖမ်းဆီးခံရ

-

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ထင်းရှုးကျေးရွာအုပ်စု ဝင်းစိန်ကျေးရွာအနီးရှိ ရော်ဘာခြံတစ်ခုအတွင်း မတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းက ရိုဟင်ဂျာ ၉ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ဖမ်းဆီးရမိသူများသည် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၇ ဦးဖြစ်ပြီး အသက် ၂၀  ဝန်းကျင်လူငယ်များဖြစ်ကြကြောင်း  စစ်ကောင်စီတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

၎င်းက “ဒီနေ့မနက်ပိုင်းမှာ ဝင်းစိန်ကျေးရွာအနီးက ရော်ဘာခြံထဲမှာ ရိုဟင်ဂျာတွေ ရောက်နေကြတယ်ဆိုတဲ့ သတင်းအရ စစ်သားတွေရော၊ ရဲတပ်ဖွဲ့ဝင်တွေရော၊ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ သွားရောက်ရှာဖွေကြတဲ့အခါမှာ အဲ့ဒီမှာ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး (၇) ဦးကိုတွေ့ရှိခဲ့တာပါ။ လက်ရှိမှာတော့ စစ်ဆေးနေဆဲလို့ သိရတယ်” ဟု ပြောသည်။

ဇန်နဝါရီလအတွင်းကလည်း ကျိုက်ထိုမြို့နယ်ရှိ မရမ်းချောင်းစစ်ဆေးရေးဂိတ်တွင် ရိုဟင်ဂျာ ၆ ဦး၊ ဖေဖေါ်ဝါရီလက မုဒုံမြို့နယ် ဝဲကလိကျေးရွာနှင့် ကမာအုပ်ကျေးရွာအကြား ဓနိတောတွင် ကလေးအပါအဝင် ရိုဟင်ဂျာ ၄၀ ဦး ဖမ်းဆီးခံခဲ့ရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းကလည်း မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရေးမြို့နယ်၊ မုဒုံမြိုနယ်၊ မော်လမြိုင်မြို့နယ်အတွင်း ရိုဟင်ဂျာ ၂၃၀ ဦးကျော် ဖမ်းဆီးခံခဲ့ရသည်။

မွန်ပြည်နယ်အတွင်း ဖမ်းဆီးရမိခဲ့သည့် ရိုဟင်ဂျာများသည့် ထိုင်းနိုင်ငံမှတဆင့် မလေးရှားနိုင်ငံသို့ သွားရောက်ရန် ပွဲစားဖြင့် ရောက်ရှိလာသူများဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အပါအဝင် နိုင်ငံတ၀ှမ်းတွင် အထောက်အထားမဲ့ ရိုဟင်ဂျာလူမျိုးများ ဖမ်းဆီးခံရသည့် ဖြစ်စဉ် မကြာခဏဖြစ်ပွားလေ့ရှိနေသည့်အပြင် တချို့ဆို တရားခံမပေါ်ဘဲ လမ်းတွင်ပင် သတ်ဖြတ်ခံရသည့်ဖြစ်စဥ်လည်း ရှိနေသည်။

Photo: ဖမ်းဆီးခံရသည့် ရိုဟင်ဂျာအမျိုးသမီးများ

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts