မွန်ပြည်နယ်၊ ကျိုက်ထိုမြို့အခြေစိုက် စစ်ကောင်စီ အမှတ် (၂) ခြေမြန်တပ်ရင်း၊ တပ်မ (၄၄) ဌာနချုပ် မတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။
မတ်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန်ခန့်က စစ်ကောင်စီ တပ်မ (၄၄) ဌာနချုပ် ပစ်ခတ်တိုက်ခိုက်ခံရခြင်းဖြစ်သည်။
“ဒရုန်းနဲ့ ဗုံးလာကြဲသွားတာလို့ သိရတယ်။ တပ်ဝန်းထဲမှာဆိုတော့ ထိခိုက်ပျက်ဆီးမှုအခြေအနေတော့ မသိရဘူး” ဟု ကျိုက်ထိုဒေသခံက ပြောသည်။
စစ်ကောင်စီလက်အောက်ခံ တပ်မ (၄၄) ဌာနချုပ် တပ်မမှူးနေအိမ်နှင့် တပ်မဌာနချုပ်ရုံးတို့ကို သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတော်လှန်ရေးအင်အားစု TPDF နှင့် KNU, PDF ပူးပေါင်းပြီး ဒရုန်းဖြင့် ဗုံးသီး ပစ်ချတိုက်ခိုက်ခဲ့ကြောင်း TPDF က ထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ခိုက်မှုဖြစ်စဥ်အတွင်း စစ်ကောင်စီတပ်ဘက် ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။
သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတော်လှန်ရေးအင်အားစုကတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ယာဉ်တန်းများ၊ စစ်တပ်ဝင်းများနှင့် ဝေးဝေးနေပေးကြပါရန်လည်း ပြည်သူကို မေတ္တာရပ်ခံ ထုတ်ပြန်ထားသည်။
မတ်လ ၂၀ ရက်နေ့ကလည်း သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတော်လှန်ရေးအင်အားစု TPDF နှင့် KNU, PDF ပူးပေါင်းတပ်ဖွဲ့တို့က ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ်အကြားရှိ သံတံတားဂိတ်ရှိ စစ်ကောင်စီတပ်စခန်းကို ဒရုန်းဖြင့် နှစ်ကြိမ် ဗုံးချတိုက်ခိုက်ခဲ့သေးသည်။
