spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းစစ်ဘေးရှောင်များ နေ့စဥ် တိုးလာနေသည့် ပုလောမြို့ နယ်

    စစ်ဘေးရှောင်များ နေ့စဥ် တိုးလာနေသည့် ပုလောမြို့ နယ်

    -

    စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားသည့် တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်ထဲကို တပ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာသည့်အတွက် တိုက်ပွဲများပြင်းထန်နေပြီး စစ်ဘေးရှောင်လည်း နေ့စဉ်နှင့်အမျှ တိုးလာနေသည်။

    “ရွာကို ရုတ်တရက်ဆိုသလို ဝင်ချလာရင်လည်း တွေ့သမျှကို သေနတ်တွေ၊ လက်နက်ကြီးတွေနဲ့ တဒုန်းဒုန်းပစ်တော့ ဘာမှ သယ်ချိန်မရသလို၊ ဘာမှလည်း သယ်လို့ မရဘူး၊ ကိုယ့်အသက် ကိုယ်လု ပြေးလာရတာဘဲ” ဟု ပုလောမြို့နယ်အတွင်းက အသက် ၃၀ ဝန်းကျင် စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

    စစ်ကောင်စီတပ်တို့က စစ်ရေးအားကောင်းလာသည့် ပုလောမြို့နယ်ကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပြန်လည်ခုခံ တွန်းလှန်ခဲ့ခြင်းကြောင့် နှစ်ဖက်အကြား  တိုက်ပွဲများ ပြင်းထန်လာခဲ့သည်၊၊

    စစ်ကောင်စီတပ်တို့က ပုလောမြို့နယ်ထဲကို  စစ်ကြောင်း တောက်လျှောက်ထိုးလာနေပြီး အပြီးသတ် ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေသလို တဖက်မှာလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ နယ်မြေကို ပြန်လည်သိမ်းပိုက်နိုင်ရန် စစ်ဆင်ရေးများ မကြာခဏဆိုသလို ပြုလုပ်ခဲ့သည်။

    “စစ်တပ်ကလည်း ခဏခဏစစ်ကြောင်းထိုးတယ်။ သူတို့စစ်ကြောင်းနဲ့ ဒေသခံလက်နက်ကိုင်တွေနဲ့ ထိတွေ့ တိုက်ပွဲတွေ ဖြစ်ကြတယ်။ ဒီဘက်မှာဆို စစ်တပ်ရဲ့ ဂိတ်တွေ လက်ပစ်ဗုံးနဲ့ ခဏခဏ အပစ်ခံရတယ်” ဟု အထက်ပါ စစ်ရှောင်အမျိုးသမီးက ဆိုသည်၊၊

    ပြီးခဲ့သည့် ဖေဖော်ဝါရီလက စစ်ကောင်စီနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲ အနည်းဆုံး ၂၉ ကြိမ် ဖြစ်ပွားခဲ့ပြီး မိုင်းဆွဲတိုက်ခိုက်မှု ၆ ကြိမ်ရှိခဲ့သည်၊၊

    စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲအများဆုံးဖြစ်ပွားခဲ့သည့် ပုလောမြို့နယ်အတွင်း၌ တိုက်ပွဲ ၁၀ ကြိမ်ထက်မနည်းရှိခဲ့သည်၊၊

    ပုလောမြို့နယ်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ နယ်မြေစိုးမိုးမှုနှင့် ခုခံမှု အားအကောင်းဆုံးနေရာတစ်ခုလည်း ဖြစ်သည်၊၊

    စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာသည့် ကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာပြီး လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ နေအိမ်များ မီးရှို့ခြင်း၊ ရွာသားများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများ လုပ်ဆောင်နေခြင်းကြောင်း သောင်းနှင့်ချီသည့် ဒေသခံပြည်သူတို့က ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

    မတ်လအထိ ပုလောမြို့နယ်အတွင်း၌ ထွက်ပြေးတိမ်းရှောင်နေရသူ ၂၅၀၀၀ ကျော်အထိရှိနေသည်ဟု စစ်ရှောင်အရေးကူညီနေသူတို့ထံမှ သိရသည်။

    “လိုအပ်ချက်တွေကတော့ အများကြီးဘဲ၊ စစ်ရှောင်အရေအတွက်များလာလေ၊ ဒီဘက်မှာ အခက်အခဲဖြစ်လေဘဲ၊ တိုက်ပွဲတွေကလည်း ဆက်နေတော့ ဘယ်သူမှ နေရပ်မပြန်ရဲသေးဘူး” ဟု ပုလောမြို့က စစ်ရှောင်အရေး ကူညီနေသူ ကိုကျော်ကျော်(အမည်လွှဲ) က ပြောသည်။

    စစ်ရေးအားကောင်းနေသည့် ပုလောဒေသကို စစ်ကောင်စီတပ်တို့က အင်အားဖြင့် စစ်ကြောင်းထိုးဝင်ရောက်နေသည့်အပြင် စက်သုံးဆီ၊ စားနပ်ရိက္ခာ ဝယ်ယူ၊ သယ်ဆောင်ခွင့်ကိုပါ ဖေဖော်ဝါရီတတိယအပတ်ခန့်ကစပြီး တားဆီးပိတ်ပင်ခဲ့သည်။

    “သူတို့က ဆိုင်ကယ်ထဲကို ထည့်ပေးတယ်၊ အခြားဘူးတွေနဲ့ လာဝယ်တာတော့ လက်မခံဘူး။ ပုလောဘက်က အခြားရွာတွေကိုဆိုလည်း ဆိုင်ကယ်စီးခွင့်တားထားတဲ့ပုံမျိုးရှိတယ်။ အကြောင်းအမျိုးမျိုးရှာပြီး ဖမ်းတယ်။ စစ်ပြီး ပိုက်ဆံတောင်းတယ်” ဟု အသက် ၂၀ အရွယ် ပုလောဒေသခံတစ်ဦးက ပြောသည်၊၊

    စစ်ရှောင်ဦးရေး များပြားလာပြီး လောက်ငှအောင် ထောက်ပံ့နိုင်ရန် ကြိုးပမ်းနေရချိန်တွင် စစ်ကောင်စီဘက်က စက်သုံးဆီ၊ စားနပ်ရိက္ခာသယ်ဆောင်ခွင့်ပါ ပိတ်ပင်လိုက်သည့်အတွက် ပိုပြီးခက်ခဲလာသည်ဟု ကိုကျော်ကျော်(အမည်လွှဲ)က ဆက်ပြောသည်။

    ၎င်းက “စက်သုံးဆီကို သယ်ခွင့်မပေးတော့ ဆီဝယ်ရခက်တယ်လေ၊ စျေးက ၂ ဆ ၃ ဆ ပေးနေရတော့ စားသောက်ကုန်တွေပါ စျေးတက်လာရော။ စစ်ရှောင်တွေကလည်း ပိုများလာတယ်။ စားသောက်ကုန်တွေကလည်း သယ်မရတော့ ဗာဒံဖြစ်တာပေါ့” ဟု ဆိုသည်။

    စစ်ရှောင်အရေးနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG က မြို့နယ်အလိုက် ပကဖအဖွဲ့အစည်းများ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပူပေါင်းပြီး ထောက်ပံ့နေတာမျိုးရှိနေပေမယ့် မြေပြင်သို့ တိုက်ရိုက်ရောက်သည့် အနေအထားမရှိသေးဘူးလို့လည်း စစ်ရှောင်ကူညီနေသူတို့က ထောက်ပြသည်၊၊

    စစ်ရှောင်များအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်နေသည်ဟုလည်း စစ်ရှောင်တို့က ပြောသည်၊၊

    စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ ဖေဖော်ဝါရီလအထိ တနင်္သာရီတိုင်းဒေသကြီးတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲ ၃၅၈ ကြိမ်ဖြစ်ပွားခဲ့ပြီး ဗုံးပေါက်ကွဲခြင်း၊ မိုင်းဆွဲခံရခြင်း၊ ဒရုန်းဖြင့် တိုက်ခိုက်ခံရသည့် ဖြစ်စဉ် ၂၄၃ ကြိမ်၊ လုပ်ကြံသတ်ဖြတ်မှုနှင့် အရပ်သား ထိခိုက်မှုဖြစ်စဉ် ၃၉၇ ကြိမ်ဖြစ်ပွားခဲ့သည်ဟု Southern Monitor သုတေသနအဖွဲ့က ထုတ်ပြန်ထားသည်။

    ၎င်းပြင် အရပ်သား ၃၉၄ ဦးသေဆုံးပြီး ၁၄၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး  စစ်ကောင်စီတပ်နှင့် ၄င်းလက်အောက်ခံ အဖွဲ့အစည်းများကြောင့် အရပ်သားနေအိမ် ၄၃၅ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟုလည်း Southern Monitor အဖွဲ့က ထုတ်ပြန်ထားသည်၊၊

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks