Home သတင်း အတ္ထရံတံတား(မော်လမြိုင်) ပေါ် ၃ တန်အောက်ယာဥ်များသာ ဖြတ်သန်းခွင့်ပြု

အတ္ထရံတံတား(မော်လမြိုင်) ပေါ် ၃ တန်အောက်ယာဥ်များသာ ဖြတ်သန်းခွင့်ပြု

အတ္ထရံတံတား (မော်လမြိုင်) ကြံ့ခိုင်မှုအခြေအနေကြောင့် တံတားပေါ် ၃ တန်အောက် ယာဥ်များသာ ဖြတ်သန်းသွားလာခွင့်ပြုတော့ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့ ည ၉ နာရီအချိန်ခန့်က အတ္ထရံတံတား ပင်မအောင်ခုံနေရာပြုပြင်ရန် လိုအပ်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် တံတားပေါ်ဖြတ်သန်းသွားလာခွင့် ကန့်သတ်လိုက်ခြင်းဖြစ်သည်။

လက်ရှိတွင် တံတားကို စစ်ဆေးခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့်အတွက် တံတားပေါ်တွင် ၃ တန်အောက်ယာဉ်များကိုသာ ဖြတ်သန်းသွားလာခွင့်ပြုထားသည်ဟု တံတားအထူးအဖွဲ့ (၁၄) မှ လက်ထောက်ညွန်ကြားရေးမှူး ဦးဝေဖြိုးက ပြောသည်။

“တံတားကို စစ်ဆေးနေစဉ်ကာလအတွင်းမှာ တံတားပေါ် အများပြည်သူဘေးအန္တရာယ်ကင်းရှင်းရေးအတွက်ကို ဟိုဘက် ဒီဘက် ယာဉ်တွေကို တစ်စီးချင်းစီ ထိန်းကြောင်းပြီးတော့ သွားလာခွင့်ပြုထားပါတယ်။ ဒါကလက်ရှိ ကျွန်တော်တို့ဆောင်ရွက်နေတဲ့အပိုင်းဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

တံတားစစ်ဆေးခြင်း၊ ပြုပြင်ခြင်းလုပ်ငန်းများကို တံတားအထူးအဖွဲ့ရုံးချုပ်မှ ဒီဇိုင်းအဖွဲ့များနှင့် နယ်မြေခံတံတားအဖွဲ့များ စုပေါင်းကာ လုပ်ဆောင်လျက်ရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

လက်ရှိ တံတားပေါ်တွင် ၃ တန်အောက်ယာဉ်များသာ ဖြတ်သန်းသွားလာခွင့်ပြုထားသည့်အတွက် ၃ တန်အထက် ယာဉ်များကတော့ ကျိုက်မရော စံပယ်ဂူတံတားဘက်နှင့် သထုံဘက်သို့ ပတ်သွားနေရသည်ဟု သိရသည်။

အတ္ထရံတံတား (မော်လမြိုင်) သည် မော်လမြိုင်-ဘားအံ-ကော့ကရိတ်-မြဝတီသွား လမ်းမကြီးပေါ်တွင် တည်ရှိနေသည့်တံတားတစ်စင်းဖြစ်ပြီး မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ကို ဆက်သွယ်ထားသည့် အဓိကတံတားတစ်စင်းလည်းဖြစ်သည်။ အတ္တရံတံတား (မော်လမြိုင်) ကို ၁၉၉၆ ခုနှစ် ဇန်နဝါရီလက စတင်ဆောက်လုပ်ခဲ့ပြီး၊ ၁၉၉၈ ခုနှစ် မတ်လတွင် စတင်ဖွင့်လှစ် အသုံးပြုခဲ့သည့် သက်တမ်း ၂၅ နှစ်ရှိပြီးဖြစ်သည့် တံတားတစ်စင်းဖြစ်သည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.