spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းမိုးရွာသွန်းမှုကြောင့် မွန်ပြည်နယ်အတွင်းက ဆားကွင်းများ ပျက်ဆီး

    မိုးရွာသွန်းမှုကြောင့် မွန်ပြည်နယ်အတွင်းက ဆားကွင်းများ ပျက်ဆီး

    -

    အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် မွန်ပြည်နယ်အတွင်းရှိ ဆားကွင်းများ ပျက်ဆီးသွားကြောင်း ပြည်နယ်အတွင်းရှိ ဆားတောင်သူတို့ထံမှ သိရသည်။

    မတ်လ ၁၂ ရက်နေ့ညပိုင်းက မိုးရွာသွန်းခဲ့မှုကြောင့် လာမည့် မတ်လ ၁၇ ရက်တွင် ကျုံးရမည့် နေလှမ်ဆားများအားလုံး ပျက်ဆီးသွားခဲ့သည်ဟု သံဖြူဇရပ်မြို့နယ် ပငကျေးရွာမှ ဆားတောင်သူတစ်ဦးက ပြောသည်။

    “ညက မိုးရွာလိုက်တော့ ဆားကွင်းထဲမှာရှိနေတဲ့ဆားတွေအကုန်ပျက်ကုန်တယ်။ တချို့လည်း ရာသီဥတုအခြေအနေကြိုသိထားတော့ ကြိုပြီးကျုံးထားကြတဲ့သူတွေရှိပေမယ့်၊ တချို့မသိလိုက်တဲ့သူတွေကျတော့ အကုန်ပျက်စီးကုန်ရော။ ဆုံးရှုံးမှုအနေနဲ့က တစ်ဦးတည်းဆိုရင်တောင် ပိဿာတစ်သိန်းပျက်သွားရင် လက်ရှိတစ်ပိဿာကို ၁၅၀ ကျပ် ပေါက်ဈေးနဲ့ဆိုရင် သိန်း ၁၅၀ ကျပ်လောက်ဆုံးရှုံးသွားမယ်” ဟု ၎င်းက ပြောသည်။

    လက်ရှိ ရာသီဥတုအခြေအနေအရ နောက်ထပ် ရက် ၂၀ ခန့် နေပူမှသာ ဆားကွင်းထဲမှ ဆားများ ကျုံးယူနိုင်မည်ဟု ဆားတောင်သူတို့က ပြောသည်။

    ဆားကွင်းအတွင်း မိုးရေရောသွားသည့်အတွက် ဆားအငံဓါတ်လျော့နည်းသွားခြင်းနှင့်အတူ အထွက်နှုန်းပါကျသွားတတ်ကြောင်းနှင့် ပုံမှန် ဆားပိဿာချိန်တစ်သိန်းထုတ်ယူနိုင်သည့်နေရာတွင် ဆားပိဿာချိန် ၄၀၀၀၀ ဝန်းကျင်ခန့်သာ ထုတ်ယူနိုင်မည်ဖြစ်ကြောင်း အထက်ပါ ပငကျေးရွာမှ ဆားတောင်သူက ဆက်ပြောသည်။

    “တချို့ကလည်း ဆားကွင်ထဲက ရေတွေကိုပြန်ဖောက်ထုတ်လိုက်တယ်။ ပြီးရင်ဆားကွက်ပြန်ပြင်၊ ရေပြန်သွင်းပြီး နေပြန်လှန်းကြရတော့ နှစ်ခါရင်းရတာမျိုးဖြစ်သွားတယ်။ အဲ့ဒီလိုအချိန်မျိုးမှာ မိုးထပ်ရွာလို့ကတော့ ဆုံးရှုံးမှုတွေ ပိုများသွားနိုင်ပါတယ်” ဟု အခြားဆားတောင်သူတစ်ဦးက ပြောသည်။

    ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလဒုတိယအပတ်ခန့်ကလည်း အချိန်အခါမဟုတ် မိုးရွာသွန်းမှုများကြောင့် ပြုပြင်ထားသည့်ဆားကွင်းများ ပျက်ဆီးပြီး ဆားကွင်းများ ထပ်မံပြင်ဆင်ရသည့်အတွက် ထုတ်လုပ်မှုကုန်ကျစရိတ် ပိုမိုကုန်ကျခဲ့ရကြောင်း ဆားတောင်သူတို့၏ ပြောကြားချက်များအရ သိရသည်။

    လက်ရှိတွင် ဆားကြမ်းတစ်ပိဿာ ကျပ် ၁၅၀ ဝန်းကျင်သာရှိပြီး ရာသီဥတုအခြေအနေအရ ဆားထုတ်လုပ်မှုလျော့ကျနိုင်သည့်အတွက် ဆားကြမ်းဈေးနှုန်း တက်လာနိုင်သည့်အနေအထားရှိကြောင်း သံဖြူဇရပ်မြို့မှ ဆားကုန်သည်တစ်ဦးက ခန့်မှန်းသည်။

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ပငကျေးရွာတွင် ဆားကွင်းဧကပေါင်း ၂၉၀၀ ခန့်ရှိပြီး၊ ရာသီဥတု မဖျက်ပါက ပုံမှန်အားဖြင့် ဆားပိဿာချိန် သိန်း ၃၀၀ ခန့်ထွက်ရှိသည်ဟု ဆားတောင်သူတို့ထံမှ သိရသည်။

    မွန်ပြည်နယ်တွင် နေလှန်းဆားကြမ်းထုတ်လုပ်မှုကို သံဖြူဇရပ်မြို့နယ် ပငကျေးရွာ၊ ကျိုက္ခမီ၊ စက်စဲနှင့် ဝဲကလောင်းကျေးရွာ၊ ရေးမြို့နယ်နှင့် ပေါင်မြို့နယ်တို့တွင်လည်း လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks