Homeသတင်းမွန်ပြည်နယ် Covid လူနာသစ်များထဲတွင် မျိုးကွဲသစ် Omicron XBB 1.5 မတွေ့ရှိသေး

မွန်ပြည်နယ် Covid လူနာသစ်များထဲတွင် မျိုးကွဲသစ် Omicron XBB 1.5 မတွေ့ရှိသေး

-

မွန်ပြည်နယ်အတွင်း တွေ့ရှိရသည့် Covid–19 Positive လူနာအသစ်များထဲတွင် မျိုးကွဲသစ် Omicron XBB 1.5 မတွေ့ရှိရသေးကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတာဝန်ရှိသူတို့ထံမှ သိရသည်။

ပြီးခဲ့သည့် မတ်လ ၂ ရက်နေ့က ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူ ၅၃ ဦးအား စစ်ဆေးခဲ့ရာ Positive လူနာ ၁၀ ဦးအထိတွေ့ရှိခဲ့ရကြောင်း၊ ၎င်းတို့ထဲမှ ယခုလက်ရှိ ကူးစက်ဖြစ်ပွားနေသည့် မျိုးကွဲသစ် Omicron XBB 1.5 Variant Coronavirus ရှိ၊ မရှိကို ရန်ကုန်မြို့ရှိ ဆေးသုတေသနဌာနထံသို့ ပေးပို့ကာ စစ်ဆေးထားကြောင်း လက်ရှိအချိန်အထိ မွန်ပြည်နယ်အတွင်း XBB 1.5 မျိုးကွဲအသစ် မတွေ့ရှိရသေးကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတာဝန်ရှိသူတစ်ဦးက ပြောသည်။

“အခုအချိန်ကလည်း ရာသီအကူးအပြောင်းအချိန်ဖြစ်တော့ လူတွေမှာလည်း ဖျားတာနာတာလေးတွေ နည်းနည်းများလာတာတွေ တွေ့ရပါတယ်။ လက်ရှိ ရာသီဥတုအရ ဖြစ်တတ်တဲ့ နှာစေး၊ ချောင်းဆိုး၊ အသံပြောင်းတာတွေ အဖြစ်များလာတာမျိုးတွေ့နေရပါတယ်။ အဲ့ဒီကမှတဆင့် Covid က ပြန်ပြီးခေါင်းထောင်လာမလားဆိုတာကို စဉ်ဆက်မပြတ် စောင့်ကြည့်နေပါတယ်” ဟု ၎င်းက ပြောသည်။

ကျန်းမာရေးဦးစီးဌာနလက်အောက်ရှိ ဆေးရုံ၊ ဆေးခန်းများသို့ ရောက်ရှိလာသည့် လူနာများအား နေ့စဉ် Covid-19 ကူးစက်ကပ်ရောဂါနှင့်ပတ်သက်ပြီး စစ်ဆေးမှုများလုပ်ဆောင်ပေးနေကြောင်းလည်း အဆိုပါတာဝန်ရှိသူက ပြောသည်။

ပြည်နယ်အတွင်း၌ ပြည်တွင်းကူးစက်မှုအနေ သိပ်မတွေ့ရသော်လည်း ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများတွင် Covid–19 Positive ဖြစ်နေသည်ကို တွေ့ရှိနေရဆဲဖြစ်ကြောင်းလည်း ဆိုသည်။

Covid–19 ကာကွယ်ဆေးများကိုလည်း သက်ဆိုင်ရာမြို့နယ်များရှိ သတ်မှတ်ထားသည့် စုရပ်များတွင် ပုံမှန်ထိုးနှံပေးနေကြောင်းနှင့် ကာကွယ်ဆေးထိုးပြီး ၆ လပြည့်တိုင်း Booster Dose ထပ်မံထိုးနှံကြရန်လည်း ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတာဝန်ရှိသူက တိုက်တွန်းထားသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် မွန်ပြည်နယ်၌ Covid–19 Positive လူနာသစ် ၂၉ ဦးတွေ့ရှိခဲ့ပြီး ၎င်းတို့အနက် ၂၇ ဦးသည် ပြည်ပနိုင်ငံများမှ ပြန်လာကြသူများဖြစ်သည်။

ဖေဖေါ်ဝါရီလအတွင်း၌ Covid – 19 Positive လူနာသစ်ပေါင်း ၄၀ ဦးတွေ့ရှိခဲ့ပြီး ၎င်းတို့အနက် ၂၃ ဦးသည် ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများဖြစ်သည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနထံမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts