Homeသတင်းမွန်ပြည်နယ်စျေးကွက်တွင် ဆန်စပါး အရောင်းအဝယ်အေးနေ

မွန်ပြည်နယ်စျေးကွက်တွင် ဆန်စပါး အရောင်းအဝယ်အေးနေ

-

မွန်ပြည်နယ်စျေးကွက်အတွင်း၌ ဆန်စပါး အရောင်းအဝယ်အေးနေကြောင်း ဆန်စပါးကုန်သည်နှင့် အရောင်းအဝယ်ပြုလုပ်နေသူတို့ထံမှ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလကစပြီး စပါးချောအုပ်စုဝင် စပါးတင်း ၁၀၀ လျှင် ကျပ် ၁၉ သိန်းဝန်းကျင်၊ စပါးကြမ်းအုပ်စုဝင် စပါးတင်း ၁၀၀ လျှင် ကျပ် ၁၄ သိန်းနှင့် ၁၅ သိန်းအကြားထိ စံချိန်တင် မြင့်တက်ခဲ့ပြီးနောက် ယခု မတ်လဆန်းပိုင်းတွင် ဆန်စပါးအရောင်းအဝယ် အေးလာခဲ့သည်ဟု ဆန်စပါးကုန်သည်တို့ထံမှ သိရသည်။

“စျေးသာရှိတယ်။ အရောင်းဝယ်မဖြစ်ဘူး။ လယ်သမားတွေကလည်း မရောင်းပဲ လှောင်းထားကြတယ်။ ကြိုက်တဲ့စျေးရမှ ရောင်းမယ်ပေါ့။ သူတို့က ၁၉ သိန်း၊ သိန်း ၂၀ လောက် မှန်းထားကြတယ်” ဟု မော်လမြိုင်မြို့ပွဲရုံမှ ဆန်ရောင်းဝယ်သူတစ်ဦးက ပြောသည်။

အရောင်းအဝယ် အေးနေသည့်အတွက် ဆန်အဝယ်ကို ရပ်ထားရသည်ဟု အထက်ပါ ဆန်ရောင်းဝယ်သူက ဆက်ပြောသည်။

ပွဲရုံက ဆန်အဝယ်ရပ်ထားသည့်အတွက် ဆန်စက်လုပ်ငန်းရှင်တို့ဘက်ကလည်း ဆန်မကြိတ်ရဲဖြစ်နေကြသည်ဟု ပေါင်မြို့နယ်က ဆန်စက်ပိုင်ရှင် ဦးထွန်းငြိမ်းက ပြောသည်။

“အရင်းက မြဝတီအထိ ပို့ကြတာပေါ့။ အခု မော်လမြိုင်ပဲပို့တယ်။ မော်လမြိုင် ပွဲရုံးလည်း ရပ်ထားတယ်ဆိုတော့ ကျနော်တို့လည်း ဆန်ဆက်မကြိတ်ရဲတော့ပါဘူး” ဟု ၎င်းက ပြောသည်။

လက်ရှိ ဆန်စျေးနှုန်းသည် ဆန်ချောအုပ်စုဝင် ၂၄ ပြည် ဆန်တစ်အိတ်လျှင် ကျပ် ၇၀၀၀၀ ကျပ်ကျော် ဆန်ကြမ်းအုပ်စုဝင် ၂၄ ပြည် ဆန်တစ်အိတ်လျှင် ကျပ် ၅၁၀၀၀ ကျော်ရှိပြီး အထက်မြန်မာပြည်ကလာသည့် ပေါ်ဆန်းမွှေး တစ်အိတ်လျှင် ကျပ် ၉၀၀၀၀ ကျော် ပေါက်စျေးရှိနေသည်ဟု မော်လမြိုင်ဆန်စျေးကွက်အတွင်းမှ သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဆန်စျေးများ မြင့်တက်လာခဲ့ပြီး နှစ်နှစ်ကျော်ကာလအတွင်း၌ ဆန်စျေး ၃ ဆနီးပါးခန့် မြင့်တက်လာသည်ဟု ဆန်ရောင်းဝယ်သူတို့နှင့် စားသုံးသူတို့က ပြောသည်။

ဆန်ဈေးနှုန်း ကြီးမြင့်လာမှုကြောင့် အခြေခံလက်လုပ်လက်စားပြည်သူများ စားဝတ်နေရေးအတွက် အခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့ရသည်ဟု အခြေခံလက်လုပ်လက်စားပြည်သူများတို့ထံမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts