Homeသတင်းကျိုက်ထိုတွင် အမျိုးသားနှစ်ဦး လက်ပစ်ဗုံးဖြင့် ပစ်ခံရပြီး သေဆုံး

ကျိုက်ထိုတွင် အမျိုးသားနှစ်ဦး လက်ပစ်ဗုံးဖြင့် ပစ်ခံရပြီး သေဆုံး

-

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ ရှမ်းစုအပိုင်းရှိ ရာဘာခြံတစ်ခုတွင် မတ်လ ၅ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က အမျိုးသားနှစ်ဦး လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံများတို့မှ သိရသည်။

လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရပြီး ပေါက်ကွဲခဲ့သည့်အတွက် ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာနေ အသက် ၇၄ နှစ်အရွယ် ဦးစိုးသန်းဆိုသူနှင့် အသက် ၁၈ နှစ်အရွယ် ခြံလုပ်သားဖြစ်သူ မောင်စိုးလင်းဦးတို့နှစ်ဦး သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

“ဦးစိုးသန်းတို့က ရော်ဘာခြံထဲမှာရှိနေတဲ့အချိန်မှာ ဆိုင်ကယ်နဲ့ လူတစ်စုရောက်လာပြီး ဗုံးနဲ့ ပစ်သွားတာလို့ သိရတယ်။ ဘာအကြောင်းနဲ့ လုပ်သွားတာလဲတော့ မသိရဘူး။ မနေ့က အဲ့ဒီဘက်မှာ တိုက်ပွဲလည်းမရှိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ပစ်ဗုံး ပစ်ခတ်ခံရမှုကြောင့် ဦးစိုးသန်းသည် ဦးခေါင်းပွင့်ထွက်ဒဏ်ရာနှင့် မောင်စိုးလင်းဦးတွင် ခန္ဒာကိုယ်အနှံ့ရရှိသည့်ဒဏ်ရာဖြင့် အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးခဲ့ကြကြောင်းလည်း ဒေသခံတို့ထံမှ သိရသည်။

ဦးစိုးသန်းနှင့် မောင်စိုးလင်းဦးတို့နှစ်ဦးကို မည်သူက မည်သည့်အကြောင်းကြောင့် လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ကို အတည်ပြုနိုင်ခြင်းမရှိသေးပါ။

သေဆုံးသွားသည့် ဦးစိုးသန်းနှင့် မောင်စိုးလင်းဦးတို့ ရုပ်အလောင်းကို လူမှုကူညီရေးအသင်း လူနာတင်ယာဉ်ဖြင့် ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပြီး ထိုမှတဆင့် ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,600SubscribersSubscribe

Latest posts