spot_img
Sunday, December 21, 2025
More
    spot_img
    Homeသတင်းနိုင်ငံခြားဝယ်လက်မရှိသည့်အတွက် မွန်ပြည်နယ်ထွက်ကွမ်းသီးဈေးထက်ဝက်ခန့်ကျ

    နိုင်ငံခြားဝယ်လက်မရှိသည့်အတွက် မွန်ပြည်နယ်ထွက်ကွမ်းသီးဈေးထက်ဝက်ခန့်ကျ

    -

    နိုင်ငံခြားဝယ်လက်မရှိသည့်အတွက် မွန်ပြည်နယ်ထွက်ကွမ်းသီးဈေးနှုန်းသည် ယမန်နှစ်ကထက် စျေးထက်ဝက်ခန့်ကျသွားကြောင်း မွန်ပြည်နယ်ကွမ်းသီးအသင်းနှင့် ကွမ်းသီးစိုက်တောင်သူတို့ထံမှ သိရသည်။

    ယမန်နှစ်က ယခုလိုအချိန်တွင် ကွမ်းသီးတစ်ပိဿာလျှင် ကျပ် ၆၀၀၀ နှင့် ၇၀၀၀ အကြားရှိခဲ့သော်လည်း ယခုနှစ်တွင်မူ ကွမ်းသီးတစ်ပိဿာလျှင် ကျပ် ၃၅၀၀ ဝန်းကျင်သာရှိကြောင်း မွန်ပြည်နယ်ကွမ်းသီးအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

    “ဈေးလျော့သွားတာက လှောင်ထားတဲ့ ကွမ်းသီးအဟောင်းတွေကလည်း Export မထွက်နိုင်ဘူး။ အဓိက အိန္ဒိယတို့၊ ဘင်္ဂလားဒေ့ရှ်တို့ဘက်ကိုပဲ ပို့နေရတာလေ။ အိန္ဒိယဘက်က ပိတ်ထားတော့ မပို့နိုင်ဘူးဖြစ်နေတယ်။ အဲ့ဒီအချိန်မှာ ကွမ်းသီးအသစ်ကလည်း ထွက်နေတယ်။ အဲ့ဒီလိုမျိုးဖြစ်သွားတော့ ဈေးက အီသွားတဲ့ သဘောဖြစ်သွားတာပါ” ဟု ၎င်းက ပြောသည်။ 

    နယ်စပ်ပို့ကုန်အတွက် သက်ဆိုင်ရာနိုင်ငံများ၏ Policy များနှင့်လည်း သက်ဆိုင်ကြောင်း၊ ဥပမာ မိမိတို့နိုင်ငံ၏  စီးပွားရေး Policy နှင့် အိန္ဒိယနိုင်ငံ၏ စီးပွားရေး Policy များ၊ အခွန်ကိစ္စများ စသည်ဖြင့် မတူညီကြကြောင်း၊ တရားဝင်လမ်းကြောင်းမှ အခွန်နှုန်းထားတစ်ခုသတ်မှတ်ပြီး သွားနိုင်မည်ဆိုပါက အဆင်ပြေနိုင်ကြောင်းလည်း ဆိုသည်။

    ၎င်းပြင် မိမိတို့နိုင်ငံအနေဖြင့် Export ပေးသော်လည်း အိန္ဒိယနိုင်ငံ၏ Import အခွန်က ကွမ်းသီးဈေးနှုန်းလောက်ဖြစ်နေသည့်အတွက် မပို့နိုင်ကြကြောင်းနှင့် တရားမဝင် လမ်းကြောင်းများတွင်လည်း  အဖမ်းအဆီးများရှိသည့်အတွက် မစွန့်စားရဲကြကြောင်း ၎င်းက ဆက်ပြောသည်။ 

    “တရုတ်ဘက်အခြေအနေကလည်း ကျွန်တော်တို့ဆီမှာ ကွမ်းသီးအနုတွေမထွက်သေးတော့ သူတို့ဘက်ကလည်း လာဆင်းမဝယ်ကြသေးလား။ ဘာလားတော့မသိဘူး။ သူတို့သာ လာဆင်းဝယ်ကြရင် ကွမ်းသီးအနုတွေကို ပေါင်းပြီးပို့ရတော့ နောက်နှစ် ကွမ်းသီးတောင်တွေ့ရတော့မှာ မဟုတ်ဘူး” ဟု အထက်ပါ ကွမ်းသီးအသင်းတာဝန်ရှိသူက ပြောသည်။

    လက်ရှိတွင် ကွမ်းသီးအသစ်ဈေးနှုန်း တစ်ပိဿာလျှင် (၃၅၀၀) ကျပ်ဝန်းကျင်သာရရှိသည့်အပြင် ယမန်နှစ်က လှောင်ထားကြသည့် ကွမ်းသီးအဟောင်းများ ကုန်သည်တို့က ဝယ်ယူခြင်းမရှိသည့်အတွက် ကွမ်းသီးများ ပုံနေကြောင်း ရေးမြို့နယ်အတွင်းရှိ ကွမ်းသီးစိုက်တောင်သူတို့က ပြောသည်။

    “မနှစ်က ကွမ်းသီးအဟောင်းတွေကို ပိုးသတ်ဆေးထည့်ထားတာများလို့ ဆိုပြီး မဝယ်ကြဘူး။ ဥပမာ မနှစ် ဝါဆို၊ ဝါခေါင်လလောက်မှာ အခွံချွတ်ထားတဲ့ ကွမ်းသီးတွေကို ဈေးကောင်းစောင့်ကြတယ်လေ။ အဲ့ဒီအချိန်တုန်းကလည်း ကွမ်းသီးတစ်ပိဿာကို (၈၀၀၀) ကျပ်လောက်ရှိတယ်လေ။ အဲ့ဒီတော့ ဈေးထပ်တက်မလားဆိုပြီး ထပ်စောင့်ကြတယ်။ ကွမ်းသီးဈေးက ထပ်မတက်တော့ဘဲ သီတင်းကျွတ်မှာ ဝုန်းကနဲကျသွားတော့ မရောင်းဖြစ်ကြတော့ဘူး။ ကွမ်းသီးက အခွံချွတ်ထားပြီးရင်  ပိုးသတ်ဆေးထည့်ရတယ်။ မထည့်ရင် ကွမ်းသီးက ပိုးစားသွားရော။ အဲ့လို ပိုးသတ်ဆေးထည့်ထားကြတော့၊ ပိုးသတ်ဆေးထည့်တာများလို့ ဆိုပြီး မဝယ်ကြတော့ဘူး။ ရေးမြို့နယ်အတွင်းမှာပဲ ကွမ်းသီးအဟောင်းတွေ အများကြီး ကျန်နေကြတယ်” ဟု ရေးမြို့နယ်မှ ကွမ်းသီးစိုက်တောင်သူတစ်ဦးက ပြောသည်။

    ကွမ်းသီးစျေးကျနေသည့်အတွက် ကွမ်းသီးစိုက်တောင်သူများ တွက်ခြေမကိုက်ဖြစ်နေကြသည်ဟုလည်း ကွမ်းသီးစိုက်တောင်သူတို့က ပြောသည်။

    “ကွမ်းသီးတစ်လုံးရဲ့ ကုန်ကျစရိတ်က အနည်းဆုံး (၆) ကျပ်လောက်ရှိတယ်။ ဒါတောင် သယ်ယူပို့ဆောင်စရိတ်တွေ၊ ခြံရှင်းခ၊ အပင်ရှင်းခတွေ မပါသေးဘူး။ ဆိုတော့ လက်ရှိပေါက်ဈေးက တစ်ဝက်တောင်မကျန်ကြဘူး။ ဒါပေမယ့် ငွေလိုနေတဲ့သူတွေကတော့ ထုတ်ရောင်းကြတာတော့ရှိတယ်” ဟု ၎င်းက ဆက်ပြောသည်။

    လက်ရှိတွင် ဈေးကွက်အတွင်း၌ မွန်ပြည်နယ်ထွက်ကွမ်းသီးများအပြင် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး၊ ကျုံဒိုး အစရှိသည့် ဒေသထွက်ကွမ်းသီးများ၊ တနင်္သာရီဒေသကြီး ထားဝယ်ဘက်မှထွက်ရှိသည့် ကွမ်းသီးများလည်းရှိနေပြီး ပြည်တွင်းဈေးကွက်ကိုသာ အဓိကထား တင်ပို့နေကြရကြောင်း ကွမ်းသီးစိုက်တောင်သူတို့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,300SubscribersSubscribe
    spot_img

    Latest posts