spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းကြာအင်းဆိပ်ကြီးနှင့် ကော့ကရိတ်တို့တွင် စစ်ဆေးဖမ်းဆီးမှုနှင့် ငွေတောင်းခံမှုပိုများ

    ကြာအင်းဆိပ်ကြီးနှင့် ကော့ကရိတ်တို့တွင် စစ်ဆေးဖမ်းဆီးမှုနှင့် ငွေတောင်းခံမှုပိုများ

    -

    စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာထားသည့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်တို့တွင် စစ်ဆေးမှု၊ ဖမ်းဆီးမှုနှင့် ငွေကြေးတောင်းခံမှုများ ပိုမိုများပြားလာသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    စစ်ကောင်စီက ပြီးခဲ့သည့် ဇန်နဝါရီ (၂) ရက်နေ့တွင် လုံခြုံရေးတရားဥပဒေ စိုးမိုးရေနှင့် နယ်မြေ အေးချမ်းသာ ယာရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်ဟုဆိုကာ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်ကို စစ်အုပ်ချုပ်ရေး (Martial Law)  ကြေညာခဲ့ပြီး ည ၆ နာရီကနေ နံနက် ၆ နာရီအထိ ညမထွက်ရအမိန့်ကိုပါ ထုတ်ပြန်ခဲ့သည်။

    ထိုသို့ အမိန့်ထုတ်ပြန်ပြီးနောက် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့တို့က အင်အားဖြည့်တင်လားပြီး စစ်ဆေးမှုကို ယခင်ကထက် ပိုမိုတင်းကြပ်ထားသည်ဟု ဒေသခံတို့က ပြောသည်။

    “မြို့ပေါ်မှာ တပ်အပြောင်းအရွေ့ လုပ်လာတာကို တွေ့နေရတယ်။ စစ်ဆေးရေးဂိတ်တွေမှာ အင်အားဖြည့်တင်တာတွေ ပြုလုပ်လာတာကို တွေ့ရတယ်။ နောက်ပြီး စစ်ကောင်စီက အရင်ကထက် အစစ်အဆေး တင်းကြပ်တာတွေ ရှိလာနေတယ်” ဟု ကြာအင်းဆိပ်ကြီးမြို့ခံတစ်ဦးက ဆိုသည်။

    ၎င်းပြင် ညနေ ၆ နာရီမှ နံနက် ၆ နာရီအတွင်း အပြင်ထွက်သွားလာသူများကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က သေနတ်ဖြင့် ခြိမ်းခြောက်ပစ်ခတ်ခြင်း၊ ရိုက်နှက်ဖမ်းဆီးပြီး အရေးယူမှုများလည်း လုပ်ဆောင်နေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    “ညနေ ၅ နာရီလောက်ဆို ဆိုင်ကြိုပိတ်ထားရပြီး။ နည်းနည်းနောက်ကျသွားရင် ဖမ်းဆီးအရေးယူခံရတယ်။ ညပိုင်းရောင်းတဲ့ဆိုင်တွေဆို အကုန်ပိတ်ထားလိုက်ရလို့ စားဝတ်နေရေး အားလုံးခက်ခဲကုန်တယ်။ ဖမ်းခံထိတဲ့တစ်ချို့ဆို ပိုက်ဆံနဲ့ပြန်ရွေးထုတ်ယူရတာလည်း ရှိတယ်” ဟု ကြာအင်းဆိပ်ကြီးဒေသခံတစ်ဦးက ပြောသည်။

    စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ဖမ်းဆီးခံရသူ ၂၀ ဦးထက်မနည်းရှိနေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    အလားတူ ကော့ကရိတ်မြို့နယ်အတွင်း၌လည်း စစ်ဆေးမှု ပိုများလာသည့်အပြင် ငွေကြေးတောင်းခံမှုလည်း ပိုဆိုးလာသည်ဟု ဆိုသည်။

    စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် ကော့ကရိတ်မြို့တွင် ဖမ်းဆီးခံရသူ ၁၅ ဦးထက်မနည်းရှိနေသည်ဟုလည်း ဒေသခံတို့က ပြောသည်။

    “ည ၆ နာရီဆို အကုန်အိမ်ထဲက အိမ်ပြင်မထွက်ရဲကြဘူး။ အခု ဖမ်းမိတဲ့သူတွေဆိုတာကလည်း တကယ် ဘာသတင်းမှ မသိတဲ့ သာမန်ပြည်သူတွေ သူတို့အလုပ်လုပ်ပြီး၊ ထွက်လို့ရတယ်ထင်ပြီး၊ ထွက်ကြရာကနေ ဖမ်းခံရတာ” ဟု ကော့ကရိတ်မြို့ခံတစ်ဦးက ပြောသည်။

    စစ်ဆေးမှုများ ပိုမိုတင်းကြပ်လာသည့်အပြင် ဖမ်းဆီးခံရမှုများလည်းရှိလာသည့်အတွက် ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်အတွင်းရှိ ပြည်သူတို့က စိုးရိမ်စိတ်များဖြင့် နေနေကြရသည်ဟုလည်း ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks